မြန်မာ့တက္ကသိုလ် ဘွဲ့ရများအတွက် ကျောင်းဆင်းပြီး အပြီးသတ် မွမ်းမံသင်တန်း


မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့ ရွှေမြန်မာတွေ ကိုယ်ရည်သွေးတဲ့ စကားရှိတယ်။ လူမျိုးတိုင်းမှာ ယေဘုယျအားဖြင့် မှန်တတ်တဲ့ ဝိသေသစရိုက် (Stereotyped general character unique to a community or a culture) ရှိတယ်လို့ ယုံရင် ကိုယ်လူမျိုးရဲ့ ကောင်းချက်လည်းဖြစ် ဆိုးချက်လည်း ဖြစ်တာက တစ်ပွဲတိုး လက်ပူတိုက်တတ်ပါတယ်။ ဘိုလိုဆိုရင်တော့ ad-hoc လို့ပြောရမလား။ Improvise ဖြစ်တယ်လို့ ဆိုရမလား။ Quick learner တွေလို့ပဲ မွှန်းရမလား မသိပါဘူး။ ကိုယ့်မှာ ရေတက် ငါးစင်ရိုင်းတစ်ပွဲတိုး ကံရာဇာငယ် စိတ်ဓာတ် ရှိပါတယ်။ ခုလည်းပဲ ဒီစိတ်ဓာတ်တွေ အပြည့်နဲ့ ဒီဆောင်းပါးကို ရေးတာပါ။

ဒီလိုပါ။ မြန်မာ့တက္ကသိုလ်တွေ သင်ကြားရေး စွမ်းရည်ကျတာပဲ ဖြစ်ဖြစ်၊ ကျောင်းသားတွေက ဝေလေလေလုပ်လို့ ဖြစ်ဖြစ်၊ ဘောင်းဘီဝတ်တွေ ရှုပ်ခဲ့လို့ပဲ ပြောပြော၊ တို့အရေးတွေ ဒက်အရေးတွေ၊ ဘောက်အရေး၊ ဂျွတ်အရေးတွေ လုပ်စေတဲ့ နိုင်ငံရေး သမားတွေကြောင့်ဆဲဆဲ၊ မြန်မာအစိုးရ တက္ကသိုလ်တွေ ဘွဲ့ရတွေက စင်ကာပူ အစိုးရ တက္ကသိုလ်တွေ၊ ဘိလပ်က အစိုးရ တက္ကသိုလ်တွေက ဘွဲ့ရနဲ့ယှဉ်ရင် နည်းနည်းလိုက်မီဖို့ လိုပါသေးတယ်။ ပျမ်းမျှ မြန်မာဘွဲ့ရနဲ့ ပုံမှန် အမေရိကန် ဘွဲ့ရချင်းယှဉ်ရင် အရမ်းတော်တဲ့ မြန်မာဘွဲ့ရနဲ့ အရမ်းချောတဲ့ အမေရိကန် တက္ကသိုလ်က ဘွဲ့ရကိုယှဉ်ရင်တော့ တစ်မျိုးပါ။ ပိုရှင်းအောင် ဥပမာ ပေးရရင် စင်ကာပူက နန်ယန် စက်မှုတက္ကသိုလ်က ရန်ကုန် စက်မှုတက္ကသိုလ်ထက် သာပါတယ်။

ဒါပေမဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ရဲ့ ထိပ်ဆုံး လေးပုံတစ်ပုံ လောက်ကတော့ နန်ယန်ဆင်း ဘိတ်ချီးလေးပုံတစ်ပုံ၊ ဒါမှမဟုတ် အောက်ပိုင်း တစ်ဝက်ထက်တော့ အသာကြီး သာပါတယ်။ ပုံနဲ့ဆွဲပြရရင် ဒီလိုပါ။ ဥပမာပါ။

အဲဒီတော့ တက္ကသိုလ်တွေ ကောင်းအောင် လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ ခေါင်းလောင်းပုံ (Bell Cure ဒါမှမဟုတ် Gaussian Distribution ခေါ် ဂေါက်စ်ရဲ့ ဖြစ်နိုင်စွမ်းဖြန့်ဝေမှု) ကို ရှေ့ကို/ညာဘက်ကို တိုးအောင် ရွှေ့ရတာပါ။ အလုပ်ရှင်အနေနဲ့ ပြောရရင် ဧရိယာ ‘အေ’ (ဝိုင်အိုင်တီဆင်းလူတော်) ဟာ ဧရိယာဘီ(နန်ယန်ဘိတ်ချီးဆင်း ဘွဲ့ရတဲ့လူ) ထက် ပိုကောင်းတဲ့ လူသားအရင်းအမြစ်ပါ။ ဒီလူတွေက စိတ်ပူစရာ မရှိပါဘူး။ ဗီဇကောင်းနေရင် ပတ်ဝန်းကျင် ဆိုးရင်တောင်မှ သိပ်မပျက်စီးနိုင်ပါဘူး။

စိတ်ပူရမှာက ကိုယ့်ဆီက ဘိတ်ချီး ၅၀ ရာခိုင်နှုန်းပါ။ ၇၅ ရာခိုင်နှုန်းလည်း ဖြစ်နိုင်ပါတယ်။ နန်ယန်ဘိတ်ချီးက စင်ကာပူသားတွေ ပြဿနာမို့ စိတ်ပူစရာ မလိုပါ။

အဲဒီတော့ ကိုယ့်နိုင်ငံ တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ တရုတ်ပြည်မှာ တက္ကသိုလ် ၅၀၀ ကျော်ရှိတဲ့အထဲက ထိပ်ဆုံး ၁၀၀ လောက်က တစ်ကယ်တော်တဲ့၊ တတ်တဲ့ ကျောင်းသားကလွဲပြီး အဲဒီကျောင်းတွေကပဲ ဆင်းတဲ့ ကျောင်းသား အများစုရယ်၊ အောက်ခြေက နည်းနည်းနိမ့်တဲ့ ကျောင်းတွေက ဘွဲ့ရအများစုဟာ အရမ်းမတော်ပါဘူး။ မမာပါဘူး။ မာတယ်ဆိုတာ အဆင့်မီတယ်။ စိန်လိုမာတယ်လို့ တင်စားတာပါ။ ဘိုလိုတော့ Tough ဖြစ်တယ်ပေါ့။

ဘေးက အိန္ဒိယပြည်မှာ တက္ကသိုလ် တစ်ထောင်ကျော် ကောလိပ်ပေါင်း တစ်သောင်းကျော် (ကောလိပ်တွေက တက္ကသိုလ်အောက်မှာ ချိတ်ထား Affiliate လုပ်ထားတာပါ) က တစ်နှစ်ကို လူငါးသိန်းလောက် ဘွဲ့ရတဲ့အထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ လုပ်ငန်းခွင်အတွက် အဆင့်မီပြီး ကျန်သုံးလေး ဆယ်ရာခိုင်နှုန်းက ကယ်လို့ရတဲ့ အခြေအနေ (သင်လို့ရတဲ့လူတွေ၊ သင်ရင် တတ်နိုင်တဲ့) ရှိပြီး အောက်ဆုံးက ဖွတ်ကျားတွေကတော့ ဘာနဲ့မှ ကယ်လို့မရနိုင်တဲ့ မျှော်လင့်ချက်မဲ့ (Hopeless) အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။ တရုတ် ဖွတ်ကျားတွေကို တရုတ်အစိုးရက ကယ်ဖို့ကြိုးစားမှာပါ။ ကုလား ဖွတ်ကျားတွေကို သူ့စီးပွားရေးသမားတွေက ကယ်ပါတယ်။

ကယ်ပုံကယ်နည်းက လာဘ်ယူလိုက်တာပါ။ Graduate Finishing Schools ခေါ် ဘွဲ့ရတွေကို အချောသတ် မွမ်းမံသင်တန်းတွေပါ။ ဘီအီး သို့မဟုတ် ဘီတက်ဘွဲ့ရပြီးသား အင်ဂျင်နီယာတွေဟာ အလုပ်မှာ လိုမယ့်ဟာတွေကို ကျောင်းမှာ မသင်ခဲ့တာတွေကိုပြန်သင်ကြတာပါ။ အတန်းထဲလာ ကျူရှင်လခပေးပြီး ဖင်ပူအောင် ထိုင်ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်မှတ်ရရုံ လုပ်တဲ့ သင်တန်းမဟုတ်ဘဲ တကယ်လုပ်နိုင်အောင် မောင်းပေးတဲ့ ကျောင်းမျိုးပါ။ စက်မှုအင်ဂျင်နီယာက အော်တိုကတ် (Auto CAD) တို့၊ ပရိုအီး (Pro E)တို့ လုပ်ငန်းခွင်မှာ ဘွဲ့ရအဆင့်ရာထူးနဲ့ လုပ်နိုင်အောင် အီလက်ထရွန်နစ် အင်ဂျင်နီယာကလည်း ဆားကစ် ဒီဇိုင်းဆွဲနိုင်အောင် လက်တွေ့လုပ်ကြတဲ့ သင်တန်းပါ။

ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ အလုပ်ကို လိုချင်ရင်လည်း ကွန်ပျူတာ ပရိုဂရမ် ရေးတဲ့ ဘာသာစကားတွေ ဖြစ်တဲ့ စီတို့၊ စီဒဘယ်လ်ပလပ်စ်တို့ (C, C++) ကို ရေးနိုင်အောင် သင်ကြတာပါ။ ဒါတွေအပြင် လုပ်ငန်းခွင်မှာ အပြောလေး နည်းနည်းညက်၊ လူရာဝင်အောင် ဘိုလိုပြောတာ၊ ရေးတာ၊ ရှင်းပြတာတွေလည်း ပါပါတယ်။ ဟာ ဒါဘာထူးလို့လဲ။ ရန်ကုန်မှာ သင်တန်းတွေ မှိုလိုပေါက် နေတာပဲလို့ ပြေးပြောရင် အဲဒီသင်တန်းတွေက ပေးတာက သင်တန်းမှာ လာထိုင်တယ်ဆိုတဲ့ လက်မှတ် (Attendence Certificate) တွေပဲ ပေးတာပါ။ တကယ်တတ်တဲ့ (Competency Assessed Paper) လက်မှတ် မဟုတ်ပါဘူး။

အဲဒီတော့ မြန်မာတက္ကသိုလ်တွေ တိုးတက်လာအောင် စောင့်နေတဲ့နှစ်တွေမှာ ရှိပြီးသား ကယ်လို့ ရနိုင်သေးတဲ့ ကိုယ့်လူတွေ အမေ့အိမ်မှာ လည်ရာပြန်စား၊ အိမ်ရှေ့မှာ ဖျာခင်းပြီးအိပ်တဲ့ အိမ်ရှေ့မင်းသား ဘဝကနေ ကိုယ့်အိုးကိုယ့်အိမ်နဲ့ ဖြစ်လာနိုင်အောင် အလုပ်တွေ ရနိုင်အောင် ခုနလို သင်တန်းတွေ ရှိသင့်ပါတယ်။ ကိုယ့်ဖွတ်ကျားတွေ ကိုယ်ကယ်မှ ရမှာပါ။

ဖင်ညောင်း ခံနိုင်ရည်လက်မှတ် (Attendence Certificate) က သုံးမရတော့ ဘယ်လို အာမခံနိုင်အောင် ဘယ်လို လက်မှတ်တွေကို ဦးတည်ပြီး ဒီမွမ်းမံ သင်တန်းသားတွေကို မောင်းကြမလဲ (train them, toughen them) လုပ်မလဲမေးရင် ကိုယ်သိတဲ့လိုင်းနဲ့ ဥပမာ ပေးပါ့မယ်။ ဥပမာ- အီလက်ထရွန်နစ်နဲ့ ဆင်းတဲ့ ဘီအီးတစ်ယောက် ဆော့ဖ်ဝဲ အင်ဂျင်နီယာ အလုပ်လိုချင်ရင် သူဟာ အင်္ဂလိပ်လို လုပ်ငန်းခွင် ဘိုလိုပြောနိုင်တယ် ဆိုတာကို တိုဖယ်ရဲ့ညီ တိုစီနဲ့ သက်သေပြလို့ ရပါတယ်။ တိုစီခေါ် တီအိုအီးအိုင်စီ (TOEIC ဟာ Test of English For International Communication) ပါ။ တိုဖယ်လ်ထက် လွယ်ပါတယ်။ စာမေးပွဲကြေးလည်း ပေါပါတယ်။ တိုဖယ်က ကျောင်းတက်ဖို့ စစ်တာဖြစ်ပြီး ဒီတိုစီက အလုပ်ထဲ အတွက်ပါ။ ဗြိတိသျှကောင်စီ (British Council) မှာဖြေတဲ့ IELTS နဲ့ ယှဉ်ရင် IELTS (General) မှာ အမှတ် (Bannd) ၅.၅ လောက် ၅ လောက်ပဲ ရှိမှာပါ။ ဘီအီး ရှိပြီးသားလူဟာ ဒါနဲ့ ကိုယ်ဘိုလိုပြောတတ်၊ နားထောင်တတ်တာ သက်သေပြလို့ ရပါတယ်။

အင်္ဂလိပ်စာ မတတ်ရင် အလုပ်မရနိုင်ပေမယ့် အင်္ဂလိပ်စာ တစ်ခုထဲတတ်ရုံနဲ့ အင်ဂျင်နီယာ ဖြစ်ဖြစ် စာရင်းကိုင်ဖြစ်ဖြစ် လုပ်စားလို့ မရပါဘူး။ အဲဒီတော့ သူ့လုပ်ငန်းခွင်အတွက် သူ သက်ဆိုင်တဲ့ ကျွမ်းကျင်မှု ပြရမှာပါ။ အဲဒီမှာကတော့ နည်းနည်း ကိုယ့်ဘာသာ ပြင်ဆင်ရတာ ပိုပြီးပြရခက်လို့ ခုနကလို မွန်းမံအချောသတ်ပေးတဲ့ ကျောင်းတွေ လိုတာပါ။ ဘွဲ့ရ ဖွတ်ကျားများအား ကယ်တင်ရေးကျောင်းပေါ့။

ဥပမာ-ဆော့ဖ်ဝဲ အင်ဂျင်နီယာ အလုပ်ရဖို့ အလွယ်ဆုံးလူဟာ ဆော့ဖ်ဝဲတွေ တကယ်ရေးခဲ့တဲ့ လူပါ။ အဲဒီလူတွေဟာ အချင်းချင်း စကားပြောကြည့်တာနဲ့ အင်တာဗျူးစားပွဲရဲ့ ဟိုဘက်ကလူဟာ တကယ်လုပ်ခဲ့ မလုပ်ခဲ့မှန်း သိပါတယ်။ စကားပြောရုံနဲ့ မပြီးဘဲ ထပ်ပြီးဖြေခိုင်းမှာက ပရိုဂရမ် အပိုင်းအစလေးတွေ၊ အမှားရှာခိုင်းတဲ့ ဟာတွေ၊ ပါးစပ်နဲ့ပြောပြ၊ အလုပ်ဖြစ်ရင် စာနဲ့ထပ်ရေးပြရဦးမှာ ပါ။ အဲဒီတော့ တကယ်လုပ်ဖူးတဲ့အပြင် တကယ်တတ်ရမှာပါ။ တကယ်တတ်ဖို့က တကယ်လုပ်ဖူးမှဆိုတော့ကြက်ဥနဲ့ ကြက်မလို ဖြစ်နေမှာပါ။ မတတ်လို့ အလုပ်မရ။ အလုပ်မရတော့ မလုပ်ဖူးတော့ မတတ်ပါ။

အဲဒီကြက်ဥကြက်မ သပွတ်အူလိုက်တဲ့ ပြဿနာကို Finishing School တွေက ဘယ်လိုဖြေရှင်း ပေးနိုင်လဲဆိုတော့ ဥပမာ-ဘွဲ့ရငါးယောက်ကို အဖွဲ့ဖွဲ့ပြီး အဖွဲ့လိုက် ဒီဇိုင်းပရောဂျက် တစ်ခုကို သုံးလနဲ့လုပ်ခိုင်း (အဲဒီအချိန်မှာပဲ တိုစီကိုဖြေခိုင်း)။ ပြီးရင် ကိုယ်တာဝန်ယူခဲ့တဲ့ နေရာနဲ့ လုပ်ခဲ့တာ (role and job) ကိုပြခိုင်း။ ရီပို့ Report ရေးခိုင်း။ ပြီးရင် သူများနှာခေါင်းပေါက်နဲ့ အသက် ရှူချင်တဲ့ကောင်တွေ ငတိမတွေဖယ်ဖို့ တစ်ကိုယ်တော် ပရောဂျက်လုပ်ခိုင်း (သုံးလမှာ Individual Project) လုပ်ခိုင်း။ ပြီးရင် အဲဒါကို Present လုပ်ခိုင်း။ ပြီးမှ သူ့ကို နည်းနည်း တတ်ပါပြီဆိုတာ အာမခံတဲ့ ဒီဇိုင်နာပေါက်စ လက်မှတ်လေး ပေးလို့ရပါတယ်။

အဲဒီလိုသင်တန်း အချိန်ပြည့် ၆ လ ထပ်တက်ထားတဲ့လူဟာ ကျောင်းဆင်းတဲ့အခါ တိုစီအောင်ထားတော့ ရီပို့နှစ်ခုကို ရေးထား၊ လူရှေ့ရပ်ပြီး ကိုယ်လုပ်ခဲ့တာ နှစ်ခါရှင်းပြထား၊ မေးခွန်း မေးခံထားရတော့ နည်းနည်းတော့ ပိုပြီး ပြင်ဆင်ပြီးသား ဖြစ်လာမှာပါ။

ယိုစီးဖို့ အရည်မမီသေးတဲ့ ဦးနှောက်တွေ ယိုစီးမှု မဖြစ်ဘဲ ပုပ်သွားမှာစိုးလို့ Finishing School တွေနဲ့ ဖွတ်ကျားတွေကို မြန်မာပီပီ လက်ပူတိုက်ပြီး ကယ်နိုင်အောင် ဒီစာနဲ့ အကြံပြုပါတယ်။

The End . . .

    Written by  အောင်ကျော်စိုး

    Saturday, 05 April 2014 09:43

( ဘွဲ့ရပြီး ငုတ်တုတ်ထိုင်နေရသော မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် အကျိုးရှိမည်ထင်၍ The Voice Daily Website မှ ဆောင်းပါးရှင် အောင်ကျော်စိုး၏ ဆောင်းပါးကိုကူးယူဖော်ပြပါသည် )

နှလုံးစိတ်​၀မ်း ငြိမ်းချမ်းကြပါ​စေ

သိန်းသန်းထိုက်