BarCamp ရဲ့ အဓိပ္ပာယ်


ဘားကမ့်ဆိုတာ .....

လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင် ဆင်နွှဲနိုင်တဲ့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ သတ်မှတ် ထားရှိခြင်း မရှိဘဲ တက်ရောက် လာသူတွေက ပြောလာတဲ့၊ ပြောချင်တဲ့ အကြောင်း အရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင် တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့ သူတွေက နားထောင် နေရတာမျိုး မဟုတ်ဘဲ တက်ရောက် လာသူတိုင်း ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေ၊ ပညာရပ်တွေကို ဖွင့်ဟ ပြောဆို နိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ ဆက်ဆံ နိုင်ခွင့်ကိုလည်း ရရှိစေမှာပါ။ Seminar တွေလို One to Many သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Many to Many သွားတဲ့ ပုံစံမျိုးနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
BarCamp ပုံစံ

ဘားကမ့်ဟာ ဆီမီနာလို ပုံစံမျိုး မဟုတ်ပါဘူး။ သူ့ပုံစံဟာ လွတ်လပ်မှုရှိပါတယ်။ ပြီးတော့ နွေးထွေးမှုလည်း ပိုရှိတယ်။ ဒီပွဲမှာ ပါဝင်ပြီး Presentation လုပ်မယ့် လူတွေဟာ တခါ တလေ ကြိုတင် ပြင်ဆင် လာတတ်သလို၊ တခါတလေ အဲဒီ ပွဲနေ့ရောက်မှ ပြင်ဆင်ပြီး Presentation လုပ်ကြတာမျိုးပါ။ သူများတွေ ပြောကြမယ့် ခေါင်းစဉ်တွေကို ကြည့်ပြီးတော့ လည်း ကိုယ့်မှာ အကြံပေါ်လာခဲ့ရင် Topic Registration နေရာမှာ ကိုယ်ပြောမယ့် ခေါင်းစဉ်ကို သွားပေးပြီး ကြော်ငြာ ဘုတ်မှာ ကပ်လိုက်ရုံပါပဲ။ ဒီနေရာမှာ ကိုယ်ပြောမယ့် ခေါင်းစဉ်ကို စိတ်ဝင်တစား လာနားထောင်မယ့် သူတွေ ရှိလာအောင်လို့ စည်းရုံးရေး ဆင်းရတဲ့ အပိုင်းဟာလည်း ဘားကမ့်ရဲ့ ချစ်စရာ ဓလေ့တစ်ခု ဖြစ်ပါတယ်။ တချို့က ကိုယ့်ဟောပြောပွဲကို လာနားထောင်ရင် မုန့်ကျွေးမယ်ဆိုပြီး လာသမျှလူကို မုန့်ကျွေးဖို့ ပြင်ဆင် ကြရပါတယ်။ တချို့ ကလည်း အမှတ်တရ ပစ္စည်းလေးတွေ ပေးတတ်တယ်။ တချို့က ကြော်ငြာ စာရွက်တွေ လုပ်ပြီး ဝေကြပါတယ်။ ဘားကမ့်ကို လာတဲ့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပြောမယ့် အကြောင်းကို စိတ်ဝင် စားလိမ့်မယ်လို့ တွက်ထားလို့ မရပါဘူး။ ကိုယ့်လိုပဲ အခြား အခန်းတွေမှာ တပြိုင်နက် ပြောမယ့် လူတွေ ရှိနေတယ် ဆိုတာကို ထည့်တွက် ရပါမယ်။ ဆီမီနာလို တစ်ချိန်မှာ တစ်ယောက်တည်း ပြောမှာ မျိုးလည်း မဟုတ်ပါဘူး။ တချိန်တည်းမှာ တစ်ယောက် ထက်မကတဲ့ ဟောပြောသူတွေက မတူတဲ့ အခန်းတွေထဲမှာ မတူတဲ့ ခေါင်းစဉ်တွေကို ဟောပြော နေကြမှာပါ။ သူတို့ရဲ့ ခေါင်းစဉ်၊ သူတို့ရဲ့ Public Attraction ဟာ ကိုယ့်ထက် ကောင်းနေမယ်ဆိုရင် ကိုယ့်ဟောပြောပွဲမှာ လူရှိမှာ မဟုတ် ပါဘူး။ ဒါကြောင့် အခုနကလို နည်းလမ်းတွေနဲ့လည်း မဲဆွယ် ကြရပါတယ်။ အဲဒါကြောင့် ကိုယ်ပြောတဲ့ အကြောင်းအရာက ဘယ်လောက် ကောင်းသည်ဖြစ်စေ Audience ကို သိအောင် လုပ်ဖို့ကလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါဟာ အပြိုင်အဆိုင် သဘောမျိုးတော့ မဟုတ်ပါဘူး။

BarCamp ကို ယူလာသင့်သည့် ပစ္စည်းများ

တက်ရောက်လာသူ အချင်းချင်း ကောင်းနိုးရာရာ Software တွေ၊ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ အချက် အလက်တွေ ဖလှယ်ကြမှာမို့ အခွင့်အရေးကို လက်မလွှတ် ရအောင် Laptop, Thumb Drive/ External Drive, CD, DVD, Power Cords ၊ မှတ်စု စာအုပ် စတာတွေ အပြင် ကိုယ်ကလည်း အခြားသူတွေကို မျှဝေချင်တဲ့ နည်းပညာ၊ အတတ်ပညာ၊ အသိပညာ နှင့် ပတ်သက်တဲ့ စာရွက် စာတမ်း၊ soft copy, hard copy တွေကို ကြိုတင် ပြင်ဆင်ပြီး ယူလာမယ်ဆို အကောင်းဆုံး ဖြစ်ပါတယ်။


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
သိန်းသန်းထိုက်