ဆရာဦးအောင်သင်း နောက်ဆုံးတွေ့ဆုံမေးမြန်းခန်း

“ပညာရေးပြောင်းလဲဖို့ဆိုရင် အရေးကြီးတာက Education for Democracy ပဲ။ ပညာရေးရဲ့လွတ်လပ်ခွင့်ကို ဘယ်သူမှမချုပ်ချယ်ရဘူး။“
----- ----- -----
တက္ကသိုလ်ဆရာတဦးအဖြစ်လည်းကောင်း၊ စာရေးဆရာတဦး အဖြစ်လည်းကောင်း၊ စာပေဝေဖန်ရေးသမားတဦးအဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားတဦးအဖြစ်လည်းကောင်း၊ မျိုးချစ်စိတ်ဓာတ်ထက် ပညာ ကပို၍အရေးကြီးကြောင်း ထောင်မကြောက် တန်းမကြောက် မထောက် မညှာ ဝေဖန်ဟောပြောခဲ့သူအဖြစ်လည်းကောင်း၊ လူငယ်များအား စာပေနှင့်ပညာ၏ အရေးကြီးပုံ၊ စာကြည့်တိုက်များ စာဖတ်အသင်းများ ထူထောင်ကြရန် နိုင်ငံအနှံ့လှည့်လည်တိုက်တွန်းခဲ့သူတဦးအဖြစ်လည်းကောင်း၊ အသက် ၈၀ ကျော်သည့်တိုင် စာပေဟောပြောပွဲများတွင် ညဥ့်နက်သန်းခေါင်အထိ ပရိသတ်ကို ဆွဲဆောင်ဟောပြောနိုင်သူတဦး ဖြစ်ပြီး စာပေကြာနီကန်ဟုပင်ခေါ်တွင်ခဲ့ရသည့် စစ်တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီး ဦးအောင်သင်းအား မကွယ်လွန်မီအချိန်လပိုင်းက ဆရာကြီး၏ ဓမ်္မိက၀တီ လမ်းနေအိမ်သို့ တခေါက်ရောက်စဉ်မျက်မှောက်ခေတ် ပညာရေးနှင့် စပ်လျဉ်းပြီးတွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို အမှတ်တရ ဖော်ပြလိုက် ပါသည်။

x မင်္ဂလာပါဆရာကြီးခင်ဗျား ပညာရေးနဲ့ပတ်သက်ပြီး တစိုက်မတ်မတ်ပြောခဲ့တာဆိုတော့ ဒီနေ့ခေတ် ပညာရေးအပေါ် ဆရာ ဘယ်လိုများသုံးသပ်ချင်ပါသလဲ

- မင်းတို့ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ငါပြောခဲ့ပေါင်းများပါပြီကွာ၊ ခုထိ တက္ကသိုလ်က ကျက်ကသိုလ်ဖြစ်နေတုန်းပဲ၊ ဟုတ်လား။ ဥပမာဆိုပါတော့ မြန်မာစာမှာ စာဟန်နဲ့ပြောဟန်ဆိုတာရှိတယ်။ ကျောင်းသား တယောက်က စာဟန်ကိုရအောင် လုပ်ရမယ်။ မလုပ်နိုင်ရင် ဒီကောင်ကို အမှတ်မပေးနဲ့။ သို့သော် ဒီထဲမှာ ပြောဟန်မပါရဘူးလားဆိုတော့ ပါရမယ်။ ဘယ်နေရာမှာ စကားပြောဟန်နဲ့ရေးရမလဲ။ Direct Speech ဆိုပါတော့။ ဟိုကပြောတဲ့ အတိုင်းပြန်ရေးရမယ်ဆိုရင် စကားပြောဟန်နဲ့ရေးရမှာပေါ့။

  အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ်ကပြန်ပြီးတင်ပြပုံနဲ့ရေးမယ်ဆိုရင် စာဟန်နဲ့ရေး ရမယ်။ ဒါကို ကလေးကို နားလည်သဘော ပေါက်အောင်သင်ပေးရမယ်။ ခက်တာက ဆရာ၊ ဆရာမကိုယ်တိုင်က အဲဒါကို နားမလည်တာ။ နားမလည်တော့ ကလေးကိုလည်း နားလည်အောင်သင်မပေးနိုင်ဘူး။ Direct speech and indirect speech ပေါ့။ Spoken language and written language ပေါ့။ အဲဒီလိုသီးခြားရှိတယ် ခုတော့ ကလေး တွေက ဖတ်စာကိုပြန်ကျက်နေရတယ်။ အမှန်ကဖတ်စာကပေးတဲ့ အဓိက အချက်ကို ကလေးကသိပြီး အဲဒါကို စာဟန်နဲ့ပဲဖြစ်ဖြစ်ရေးဟန်နဲ့ပဲဖြစ်ဖြစ် ပြန်ရေးပြနိုင်ရမယ်။ အဲဒါ ခုနစ်တန်း မတိုင်မီကတည်းကရပြီးသားဖြစ် ရမယ်။ တို့သုံးတန်း၊ လေးတန်းဖတ်စာပြန်ကြည့်။ သားရေကုန်သည်နဲ့ လှည်းကုန်သည်အကြောင်း။ အဲဒါဆရာက ဖတ်ခိုင်းပြီး အဓိပ္ပာယ်ပြန်ပြော စမ်းဆိုတော့ အဓိပ္ပာယ်ကိုပြောရတာ။ စာကိုရွတ်ပြရတာမဟုတ်ဘူး။ ဖတ်စာမှာဘာပြောထားသလဲဆိုတာအဓိပ္ပာယ် ပေါက်အောင်နားလည်ဖို့ လိုတယ်။ အခုဟာက ၁၀ တန်းအထိ အဲဒီလို မသင်ခဲ့ရတော့တက္ကသိုလ် ရောက်လည်း ဒီအတိုင်းပဲဖြစ်နေတာ။ “အရှေ့အနောက် သိချင်ရင် တို့အိမ်လိုက်ခဲ့” ဆိုသလိုဖြစ်နေပြီ။ အိမ်ကျမှစာဖတ်ပြမယ်ပေါ့။ ကိုယ့်အိမ်မှာ ကျတော့ ဘယ်ဟာအရှေ့ ဘယ်ဟာအနောက်ဆိုတာသိတယ်။ အပြင် ရောက်သွားရင် မသိတော့ဘူး။ ဒီနေ့ပညာရေးက အဲဒီလိုဖြစ်နေတယ်။

x လက်ရှိစာမေးပွဲစနစ်ကိုပြန်သုံးသပ်ဖို့လိုတယ်လို့ ပြောနေ ကြတာတွေလည်းရှိတယ် ဆရာ။ စာမေးပွဲစနစ်နဲ့ပတ်သက်ပြီး ဆရာ ဘာများပြောချင်ပါသလဲ။
- စာမေးပွဲဆိုတာ မင်းဖတ်ထားမှတ်ထားတာကို မင်းပြန်ပြောတတ် သလား။ ပြောတဲ့အခါမှာလည်း သူများနားလည်အောင် ပြောတတ်သလား။ အဲဒီမှာ ပြောနည်းပြောဟန်ကရော ဘောင်ဝင်သလား။ ဒီ ၃ ချက်ပဲရှိ တယ်။ ဒါပဲ။ အဲဒါ Exam ပဲ။ အခု မင်းတို့ ငါ့ကိုမေးတာကို ငါပြန် ပြောနေတယ်ဆိုတာ ငါဖတ်ခဲ့တဲ့စာတွေပဲ။ အဲဒါကို ငါက ဒီအတိုင်း ပြန်ရွတ်ပြနေတာမှမဟုတ်ဘဲ။

x အခုပညာရေးပြုပြင်ပြောင်းလဲမှုဆိုပြီး အစိုးရဘက်ရော အတိုက်အခံတွေဘက်ကရော ပညာရှင်တွေရော ပြောနေကြတယ်ပေါ့၊ လုပ်သင့်လုပ်ထိုက်တာတွေလည်းလုပ်နေကြပြီပေါ့။ အဲဒီအပေါ်မှာ ဆရာ့ရဲ့အမြင်လေးပြောပေးပါဦးဆရာ။

- ပညာရေးပြုပြင်ပြောင်းလဲမယ်ဆိုတော့ မင်းတို့ ဆရာ ဆရာမ တွေက အဆင်သင့်ဖြစ်ပြီလား။ ကဲပြော။ တကယ့်ပညာရေးဆိုတာ ကလေးကို စာသင်ပေးတာမဟုတ်ဘူး။ စဉ်းစားတတ်အောင် သင်ပေးတာ။ How to think? How to learn? ပေါ့။ ပညာသင်တယ်ဆိုတာ အလွတ် ကျက်ခိုင်းတာမဟုတ်ဘူး။ အခု မင်းတို့ ဆရာ ဆရာမတွေက ရှမ်းချေ ချေတဲ့ ပုံဖြစ်နေပြီ။ ကြားဖူးလား ရှမ်းချေ ချေတယ်ဆိုတာ။ အရင်က ရှမ်းကအပေါင်း အနှုတ်မရဘူး။ ပဲစေ့ တပုံကို ၂ ပြားဆိုပါတော့။ အဲဒီတော့ ၀ယ်တဲ့သူက ပဲစေ့ ၅ ပုံပေး ရော့ ၁၀ ပြားဆိုလို့ မရဘူး။ သူက မပေါင်းတတ်တော့ ဒီမှာ ပဲစေ့ ၁ ပုံ ပေး ၂ ပြား။ နောက် ၁ ပုံ ပေး ၂ ပြား။ ဒီလိုနဲ့ ၅ ပုံပြည့်အောင် သွားတာ။ ရှင်းတယ်။ ရော့ ၁၀ ပြား ပေး ၅ ပုံဆို ပြီးလုပ်လို့မရဘူး။ အဲဒါ ရှမ်းချေ ချေတယ်ခေါ်တယ်။အခု မင်းတို့ ဆရာ ဆရာမတွေလည်း အဲဒီလို ဖြစ်နေပြီ။ သင်ထားတဲ့အတိုင်းပဲ။ ပိုမစဉ်းစားဘူး။

အဲဒီတော့ ပညာရေးပြောင်းလဲဖို့ဆိုရင် မင်းဘာမှမစဉ်းစားနဲ့။ အရေးကြီးတာက Education For democracy ပဲ။ Educate ဖြစ်ဖို့ လိုတယ်ကွ။ ဒီမိုကရေစီဆိုပြီး ဖွင့်ပေးလိုက်တဲ့အခါကျတော့ ကလေးကို အဆုံးအမ မရှိ အလိုလိုက်သလို ဖြစ်နေတယ်။ ကလေးက ထမင်းစား ရမှာကို ထမင်းမစားချင်ဘူး မန်ကျည်းသီးပဲစားမယ်ဆိုပြီးဆန္ဒပြတော့ ကျွေးလိုက်ရော။ ကျွေးလိုက်လို့ဝမ်းသွားတော့ဘယ်သူဒုက္ခရောက်လဲ။ မင်းမှတ်ထား ဘယ်ကိစ္စမဆို အတိုင်းအတာဆိုတာ သိရတယ်။ အဲဒါ Educate လုပ်တာပဲ။

x ဒါဆိုရင် ဘယ်နေရာကစပြီးပြောင်းရမလဲ ဘယ်လိုစပြီး ပြောင်းရမလဲဆရာ။

-မင်းတို့ ဆရာ ဆရာမတွေက စပြောင်းရမှာ။ မင်းတို့တက္ကသိုလ် တွေက စပြောင်းရမှာ။ မင်းတို့ ဆရာ ဆရာမတွေကအစ ကျက်ပြီးအောင် လာကြတာ။ ဒီလိုမေးဒီလိုဖြေဆိုပြီး အောင်လာကြတာ။ မင်းတို့ကြားဖူး တယ်မဟုတ်လား။ သခင်ဗဟိန်း။ မြင်းခွာ တချက်ပေါက်ရင် မီးဟုန်း ဟုန်းတောက်စေရမယ်ဆိုတဲ့ ကိုဗဟိန်း။ သူ့ကို အင်္ဂလိပ်အစိုးရက ဖမ်းချင်လို့ ကျောင်းထုတ်ခိုင်းတာ။ ဒီအတိုင်းဖမ်းရင် တက္ကသိုလ်ကျောင်းသားကို ဖမ်းတယ်ဖြစ်မှာစိုးလို့။ အဲဒါ တက်္ကသိုလ်အဓိပတိက ဆရာကြီးဦးဖေမောင် တင်။ သူကအစိုးရကို ဘယ်လိုစာပြန်လိုက်သလဲဆိုတော့ ဒီကျောင်းသား တွေနဲ့ပတ်သက်ပြီးဆိုင်ရာကိုစုံစမ်းပြီးပြီတဲ့။ သူတို့မှာ ကျောင်းလခလည်း အပြည့်သွင်းထားတယ်။ ကျောင်းစည်းကမ်း ဖောက်ဖျက်ခြင်းလည်း မရှိဘူးတဲ့။ ဒါကြောင့် သူတို့ကို ကျောင်းထုတ်ရန် ကျွန်ုပ်၌ ဥပဒေမရှိပါတဲ့။ အစိုးရနှင့်ပတ်သက်၍ဖြစ်ခြင်းသည် ကျွန်ုပ်တို့ကျောင်း ဥပဒေနှင့်မဆိုင် ပါတဲ့။ ကဲ။ မင်း အဲဒီလို အကြောင်း ပြန်ဝံ့သလား။ ဒီနေ့ခေတ် မင်းတို့ တက္ကသိုလ်တွေ။

ပညာရေးရဲ့လွတ်လပ်ခွင့်ကို ဘယ်သူမှ မချုပ်ချယ်ရဘူး။ သူ့အထက်မှာ ဘာမှမရှိရဘူး။ ပညာရှင်တွေပဲရှိရမယ်။ ဆီးနိတ်ဆိုတာ အဲဒါကွ။ မင်းသက်ဦးဆံပိုင်ခေတ်ပြန်ကြည့်။ ရှင်ဘုရင်ဆိုတာ သက်ဦးဆံပိုင်နော်။ သက်ဦးဆံပိုင်ဆိုတာ အသက်ရယ် ဦးဆံရယ် ပိုင်တာ။ ရှေးတုန်းက သျှောင်တွေ ထားကြတယ်။ ယောက်ျားတယောက်မှာ သျှောင်က အမြတ်ဆုံး။ သျှောင်ကို မထိရဘူး။ ဒါပေမယ့် ရှင်ဘုရင်ကနေ အမိန့်နဲ့လာခဲ့ဆို သျှောင်ကနေ ဆွဲခေါ်လာခွင့်ရှိတယ်။ အဲဒီလို အသက်ရော ဦးဆံရောပိုင်လို့ သက်ဦးဆံပိုင်ခေါ်တာ။ အဲဒီသက်ဦးဆံပိုင်ဘုရင်တောင် ပညာရေးဝင်မစွက်ခဲ့ဘူး။

အဲဒီတုန်းက ပညာရေးနဲ့ ဘာသာရေးရောနေခဲ့ပေမယ့် အကြီးဆုံးက သာသနာပိုင်ပဲ။ ဘုရင်က ၀င်စွက်ခွင့်မရှိဘူး။ လွတ်လပ်တဲ့ ပညာရေး ခေါ်မှာပေါ့။ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား ကြားဖူးတယ် မဟုတ်လား။ မင်းတုန်းဆိုတာ အိမ်ရှေ့မင်းသားပဲ။ ရှင်ဘုရင် ဖြစ်မယ့်သူ။ ငါးခြောက်ပြား ခိုးစားတော့ ဘာဖြစ်လဲ။ ဆရာတော်က ရိုက်လွှတ်လိုက်တာပဲလေ။ နန်းမတော်မယ်နု သိပ်ကြီးစိုးလာတော့ သူ့အကြောင်း ဘယ်သူမှမပြော ၀ံ့ဘူး။ နာမည်တောင် မခေါ်ဝံ့ဘူး။ အဲဒါ သာသနာပိုင်ဆရာတော်ကြီးက ဘာပြောတယ်မှတ်လဲ။ မင်းတို့ဟာကလည်းကွာ “နု” ပါတိုင်းရှောင်နေရရင် ဘုရားဟော တေနုပ္ပသင်္ကမိကို တေထုပ္ပသင်္ကမိလို့ လုပ်ရတော့မလို ဖြစ်နေပြီ ဆိုတော့မှ မင်းတုန်းမင်းကြီးက “မူရင်းအတိုင်းတွင်စေ” ဆိုပြီး အမိန့်တော်ပြန်ထုတ်ခဲ့ရသေးတယ်။ ကဲ။ အဲဒီတော့ အနှစ်ချုပ်က ပညာရေးဆိုတာ လွတ်လပ်ရတယ်။ Education for democracy အရင်လုပ်ပါ။ ငါတော့ ဒီလောက်ပဲပြောချင်တယ်။

နဒီလှိုင်(IR)တွေ့ဆုံမေးမြန်းသည်။