မီဒီယာ

ကုပ်ချောင်းကုပ်ချောင်း၊ ယိုင်နဲ့နဲ့ ပုံစံကြီးဖြင့် Back Stage ကို ၀င်လာပြီး ကျွန်တော့် ရှေ့တည့်
တည့် လာရပ်ပြီး ပြောလိုက်တဲ့စကား မှာ "ဟေ့ကောင်၊ ညီလေး ရသ ငါ့ကို အင်တာဗျူး လေး
နည်းနည်း ဖြေပေးပါဦးကွာ"တဲ့။
ကြည့်ပါဦး ဘယ်လောက်လွဲသလဲဆိုတာ။ ကျွန်တော့်ကို မသိရင် ကျွန်တော် စိတ်မဆိုးပါဘူး။
ဝမ်းတောင် သာရဦးမယ်။ "ဪ... ဒီနိုင်ငံမှာ ငါ့ကို မသိတဲ့လူ ရှိသေးတာပဲ" ဆိုပြီး။ ဒါပေမဲ့
အခု ဟာက ကျွန်တော့်ကိုလည်းမသိ၊ ရသဆိုတာ ဘယ်သူမှန်းလဲ မသိဘဲနဲ့ ကြားဖူးနာဝ
မျက်မှန်း တန်းမိရုံလောက်နဲ့ ကမူးရှူးထိုး ချော်လဲ ရောထိုင် အင်တာဗျူး လာမေးတဲ့အကွက်။
ကျွန်တော်လည်း မျက်ခုံးလေး တစ်ချက်ပင့် ပြုံးပြလိုက်ပြီး "ကျွန်တော် ရသမဟုတ်ပါဘူး အစ်ကို၊
J-Meပါ" လည်းဆိုရော "အေး... ဆောရီးပါ ညီလေးရာ၊ J-Me ဆိုလည်း J-Me ပေါ့။ ညီလေး
ဒီညဆိုသွားတဲ့ သီချင်းလေးတွေ အစ်ကို့ကို ပြောပြပါလားကွာ" ဆိုပဲ။
သူ့ရဲ့ လွဲပုံလွဲနည်းကို ကျွန်တော်လည်း ကြည့်ပြီး စာနယ်ဇင်းဆိုတာတောင် မယုံတော့ဘဲ စိတ်
ထဲမှာ "ဒါ စုံစမ်းရေး အသင်းအဖွဲ့တစ်ခုခု က နေမှာပဲ၊ မဟုတ်လည်း ဘာဖြစ်လဲ ဒါငါ့ခွင်ပဲ" ဆိုပြီး
ကျွန်တော့်လုပ်ငန်း စပါတော့တယ်။ "ဟုတ်ကဲ့အစ်ကို၊ ကျွန်တော် ဒီနေ့ည ဆိုသွား တဲ့ သီချင်းတွေ
က ကန်တော်လေးသို့ တမ်းခြင်း၊ ၁၀၁ လမ်းသို့တစ်ခေါက်၊ ကုလား မလေး၊ သောင်တင်ကြစို့၊ ၀ူးဝါး
ဂါးဂါး... တို့ပါပဲ" သူသေချာလိုက်မှတ်နေတယ်။
ကျွန်တော်လည်း သူ့ကို ပြုံးကြည့်နေတယ်။ သူ ကျေးဇူးတင်စကား ပြောပြီးထွက်သွား တယ်... "
နင်က စကားမပြောတတ်ဘူး (အပြော အဆို မတတ်ဘူး)၊ အဲဒီတော့ စကားသိပ်မပြော နဲ့၊ အင်
တာဗျူးတွေလည်း တတ်နိုင်သလောက် ရှောင်"...ကျွန်တော့်အစ်မ Michelle ရဲ့ စကားပေါ့။ မှန်ပါ
တယ်လေ၊ ကိုယ်တွေက စင်ပေါ်စင်အောက် ကင်မရာရှေ့ သိပ်ရွေးတာမှ မဟုတ်ဘဲ။ ပြောချင်
တာကို စိတ်အရင်းအတိုင်း လွှတ်ထည့်လိုက်တော့ နားဝင်ချိုမလား၊ ခါးမလား မသိတော့ဘူးပေါ့။
၂၀၀၅ ခုနှစ် လောက်မှာ ကျွန်တော်တို့အသိ စာနယ်ဇင်း လောကမှ အမျိုးသမီးတစ်ယောက်က
ရက်ချိန်း တစ်ရက် တောင်းလာတော့ အေးဆေးဖြစ်မယ် ထင်ပြီး ပေးလိုက်မိတယ်။  HipHop
အကြောင်း တစ်စွန်းတစ်စဆိုပြီး လုပ်ငန်းစပါတော့တယ်။ ကျွန်တော် အဲဒီတုန်းကဆို ငယ်လည်း
ငယ်၊ ကြွယ်လည်းကြွယ်ချင်သူဆိုတော့ မြိန်ရေ ရှက်ရေပြောတော့တာပေါ့။ အဲဒီမှ သူက ကြားဖြတ်
ပြီး "ဒါဆို အခုတလော စင်ပေါ် လုပ်လုပ်နေကြတဲ့ ငိုတာတို့၊ မေ့လဲပြတာတို့ ကရော HipHopနဲ့
ဆိုင်လား"တဲ့။
ကျွန်တော် ဆိုတဲ့လူက အမှန်ပြောရဖို့ဆိုရင် ကပ်စေးနှဲတဲ့ လူမှ မဟုတ်ဘဲ။ စိတ်ထဲရှိတဲ့အတိုင်းပဲ
ပြောချ ပစ်လိုက်ပါတယ်။ နောက်နေ့ ဂျာနယ်ထဲမှာ ခေါင်းစဉ်အကြီးကြီးတပ်ပြီး ကျွန်တော့်ကို
ပြဿနာရှာပါလေတော့တယ်။ အတော့် အတော်ကိုပဲ ဂယက်ရိုက်သွားတဲ့အပြင် ကျွန်တော်နဲ့
တိုက်ဆိုင်သူတွေရဲ့ ဆက်ဆံရေး ဟာ ဒီနေ့အထိ ပုံမှန်ပြန်မဖြစ်တော့တဲ့အထိ ပါပဲ။ အဲဒီကတည်း
က ကျွန်တော်ဟာ သူတို့ရဲ့ Target တစ်ခု ဖြစ်လာပါတော့တယ်။ တစ်ခေါက် ဂျာနယ်အသစ်
(အခုတော့ ဟောင်းသွားပါပြီ) တစ်ခုက ကျွန်တော့်ကို အင်တာဗျူး လုပ်ချင် လို့တဲ့ ဖုန်းဆက်လာ
တယ်။ ကျွန်တော်လည်း မအားတာတစ်ကြောင်း၊ မယုံတာတစ်ကြောင်း အင်တာဗျူးကို ငြင်းလိုက်
တယ်။
အဲဒါကို မကျေမနပ်နဲ့ နောက်နေ့ သူတို့ဂျာနယ် ဒုတိယ စာမျက်နှာမှာ ကျွန်တော့် ဓာတ်ပုံနဲ့
"ဒီအဆိုတော် တွေဟာ စာနယ်ဇင်းတွေကြောင့် နာမည်ရ လူသိလာပြီး နာမည်ရလာတော့
သူတို့ကို လိုသလို အသုံးချပြီး ကျေးဇူးကန်းတယ်" ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှုရှိအောင်
ဗျင်းလာပါတော့တယ်။
လူလည်း ထောင်းခနဲ ဒေါသထွက်သွားတယ်။ှအမနနအ စကားနဲ့ ပြောရင် 'ဆော်' ချင်သွားတယ်။
မှန်သောစကား ဆိုသော် ကျွန်တော့်ဘ၀မှာ ကျွန်တော့်ရဲ့ အဆင်းသဏ္ဌာန်ကို အပတ်စဉ်ထုတ်
ဂျာနယ် တွေထဲ အမြဲတစေ ပါချင်လွန်းပြီး အယ်ဒီတာ တွေကို ကန်တော့တာတို့၊ စာနယ်ဇင်း
တွေကို လက်ဆောင်ပေးတာတို့ (ယဉ်ကျေးအောင် ရေးခြင်းဖြစ်သည်) တစ်ခါမှ မလုပ်ဖူးဘူး။
ပုံမှန်ပဲ ဆက်ဆံခဲ့ပါတယ်။ ကျွန်တော် ဆွတ်ခူး ခဲ့သမျှ ပန်းတိုင်တွေမှာ မီဒီယာတွေရဲ့ ပယောဂ
တစ်စက်မှ မရောထွေးခဲ့ဘူးဆိုတာ အဆိုတော် ကြီးတွေနဲ့ ကျွမ်းကျင်နားလည်တဲ့ Musician တွေ
ထောက်ခံမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲလေ၊ တချို့သော ပုဂ္ဂိုလ်တွေ မီဒီယာလောကမှာ နေရာရပြီး လူစွာလုပ်ဖို့ဆိုတာ လွယ်မယ်
ထင် ပြီး အလုံးအရင်းနဲ့ ၀င်လာကာမှ အခြေအနေ မဟန်ဘဲ ပျောက်ချင်းမလှ ပျောက်သွားတဲ့
ဖြစ်ရပ်တွေ နည်းမှမနည်းတော့ဘဲ။ အသက်ကြီး လာတာနဲ့အမျှ ကျွန်တော်လည်း အန္တရာယ်
တွေကို ရှောင်ရှားတတ်လာတယ်။ သည်းညည်း ခံနိုင်လာတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး ထိပ်
တိုက် တွေ့ကာမှတွေ့ရော၊ သိပ်မကြောက် တော့ဘူး။ အပေါ်ကဖိရင် အောက်က ထောက် တယ်။
ဆရာသမားများ သဘောပေါက်မယ် လို့ ထင်ပါတယ်။
တစ်ခေါက် Hip Hop နဲ့ Rock သမားတွေကို ရန်တိုက်ပေးရင် ဂျာနယ်ရောင်းကောင်းတယ်ဆိုတဲ့
Period တစ်ခုမှာတော့ ကျွန်တော့်သူငယ်ချင်း (အရင်း ခေါက်ခေါက်) ဖြစ်တဲ့ Bigg-y ကို ဂျာနယ်
သမား တစ်ယောက်က ရန်တိုက်တဲ့ မေးခွန်း တွေ လာမေးပြန်ရော။
ဒီတော့ Bigg-y က ခင်ဗျား ဘာကြောင့် ဒီလိုမေးခွန်းတွေ လာမေးရ တာလဲလို့လည်း မေးရော
"ဟား... ညီလေးရ၊ ဒါမျိုးအချိန်မှာ ကိုယ်တို့က ပိုပြီးမေးပေးရမှာ ပေါ့ကွာ။ ညီလေးတို့လည်း
ပြောပိုင်ခွင့်ရှိမယ်။ နောက် ဒါမျိုးကိစ္စက ပိုပြီးဖွလို့ကောင်းတယ်။ ဖွပေးရမယ်လေ။ လူလည်းပို
စိတ်ဝင်စားတယ်။ ဂျာနယ်လည်း ပိုရောင်းကောင်းမယ်။ နှစ်ဦး နှစ်ဖက် စီးပွားဖြစ်တာပေါ့၊
ဟဲ...ဟဲ" တဲ့။ ကဲ...ဘာတတ်နိုင်ကြသေးလဲ ???????
ဒါနဲ့ ခုနကကိစ္စ ဆက်ကြရအောင်။ ကျွန်တော် ဖြေလိုက်တဲ့အတိုင်းပဲ ဂျာနယ်ထဲပါလာတယ် ဗျို့။
Journalist မှ Journalist အစစ် (ဘာမှ မသိသော) ဒါတောင် Ah Boy ဖုန်းဆက်ပြီး ပြောလို့သိ
တာ။ အဲဒီမှာ ရေးထားတာက "ထိုည J-ME ဆိုသွားတဲ့ သီချင်းတွေကတော့ ကန်တော်လေးသို့
တမ်းခြင်း၊ ၁၀၁ လမ်းသို့ တစ်ခေါက်၊ ကုလားမလေး၊ သောင်တင်ကြစို့ နဲ့ ၀ူးဝါးဂါးဂါးတို့ပဲ ဖြစ်ပါ
တယ်"တဲ့။ မတတ် နိုင်ဘူးလေ၊ သူတောင် စာနယ်ဇင်းဖြစ်လျက် ဘာမှမပိုင်မနိုင် မသိမကျွမ်းဘဲနဲ့
ကျွန်တော် ဂျင်းထည့်တာ ခံလိုက်ရတာတောင် နည်းသေး။ အပြင်က ကျွန်တော့်မိတ်ဆွေ၊ ပရိသတ်
တွေ ဘယ်လောက် အူတက်နေမလဲဆိုတာ ထိုအချိန် က မြင်ယောင်လိုက်ပါသေးတယ်။
ကျွန်တော် ဟာ လူတော်ကြီး မဟုတ်ပါဘူး။ ဒီနေ့ဒီရက် အထိ ကြိုးစားနေသူတစ်ဦးပါပဲ။ ဒါပေမဲ့
ကိုယ့် မိဘဆရာတွေမှာတဲ့စကားကို ဘယ်တော့မှ မမေ့ဘူး။ အဲဒါက "ကိုယ်လုပ်တဲ့အလုပ်ကို
ကိုယ်က တတ်ကျွမ်းရမယ်၊ နားလည်ရမယ်" ဆိုတာပါပဲ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့ စကား
ကို ကျွန်တော်နားလည်ပါတယ်။ နှစ်ဦး နှစ်ဖက်စလုံး ညီတူမျှတူ အစွန်းအထင်း အပဲ့အရွဲ့မရှိဘဲ
အောင်မြင်မှုကို Win=Win Situation လို့ တစ်ကမ္ဘာလုံး လက်ခံထား ကြပါတယ်။ ဤသို့မျှ
မဟုတ်ရင် ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲ...။

Copied from Myanmar Times