စိတ် ဓာတ်ခွဲခန်း

"လွယ်တော့ မလွယ်ဘူးကွ"။ "ဘာဖြစ်လို့လဲ ဆရာ" လို့ Duty Coat နဲ့ လူငယ်တွေက ပြန်မေးရင်
ဒေါက်တာ'လေးလုံး' က "ဒီလူက မင်း သူ့ကို နက်နက်နဲနဲ ရှာဖွေစစ်ဆေးလေ မင်းဦးနှောက်
ပိုပျက်လေပဲ။ သူ့မှာ Balance ဖြစ်တဲ့ အပိုင်းတွေက တစ်ချက်မှ လွဲမှားချက် မရှိသလို ရှုပ်ထွေး
မှောင်မည်းနေတဲ့ Dark Areas တွေကလည်း ဘယ်လိုမှ စနစ်တကျ ပြန်လည် စိစစ်လို့
မရတာပဲကွ"
ဒေါက်တာ 'လေးလုံး'ရဲ့ တပည့်ကျော်တွေ အကုန်လုံး ရှင်းလေ ပိုရှုပ်လေ ဘ၀သို့ ရောက်လေ၏။
နောက်တော့ အလည်ဆုံး၊ အနပ်ဆုံး ကျောင်းသား တစ်ယောက်က "သူ့ရဲ့ စိတ်အလှုပ် ရှားဆုံးနဲ့
Emotion နဲ့ ပတ်သက်သမျှ ဆိုင်းဘုတ်တွေကို ကွက်ကွက်ကွင်းကွင်း မီးထိုးရင် ကောင်းလိမ့်မယ်
လို့ ကျွန်တော် သုံးသပ်မိတယ် ဆရာ" လို့ ကြွယ်လေတော့ ဒေါက်တာ 'လေးလုံး'က
"အေး၊ မင်း စိတ်မလေအောင် ထိန်းထားနိုင်ရင်တော့ အစွမ်းကုန်သာ အားရ ပါးရ ခံစားပေတော့
ငါတပည့်လေး" တီတီ ပွမ်ပွမ် "သေချင်လို့လား၊ သောက်ကလေး" ကြောက်ရွံ့စွာ ကားလမ်းပေါ်မှ
ပြန်တက်လာပြီး တုံ့ပြန်မှု ဘာမှမပေးဘဲ ငါမသေတာကံကောင်းတာပဲဟူသော မျက်နှာပေးနဲ့
ခဏတာနေပြီး မျက်လုံးစုံပြူးကာ သူ့ကို ကားလမ်းပေါ် တွန်းလိုက်တဲ့ သူ့အား အနိုင်ကျင့်နေကျ
သူ့သူငယ်ချင်း 'ကိုဝေ' ကို အံ့ဩစွာ စိုက်ကြည့်ပြီး ကျောင်းကားပေါ် ပြန်တက်လာတယ်။
အဲဒီနောက် နောက် ၁၅ နှစ်လောက်ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးနေတဲ့ ကွန်ပျူတာက ခုန်သွားပြီး
ဆက်လက်ပြသပါတယ်။ "ဂျေးမီ၊ ဂျေးမီ၊ ဂျေးမီ" ဒါ ပရိသတ် အော်နေတဲ့အသံ၊ ကိုဝေက Back
Stage က အခန်းငယ်ထဲမှာ လာနှုတ်ဆက်နေတယ်။ သူ ကြောင်အမ်းအမ်းနဲ့ ပြန်ကြည့်ပြီး
လွန်ခဲ့တဲ့နှစ်တွေက ငါ့ကို သူအနိုင်ကျင့်ပြီး နိုင်ခဲ့တာ မဟုတ်ဘူးလား။ အခု ဘာဖြစ်လို့ ငါစင်ပေါ်
တက်ခါနီး မျက်နှာလာလုပ်တာလဲဆိုတဲ့ မျက်နှာထားနဲ့ အင်တင်တင် ပြုံးပြလိုက်တယ်။
သိပ်အထင်မကြီး ဟန်နဲ့ ဒေါက်တာ'လေးလုံး'ရဲ့ တပည့် နောက် Folder တစ်ခုကိုကျော်ကြည့်ရာ
ပိုင်အိုးနီးယား နိုက်ကလပ်မှာ ဖြစ်တယ်။ ကလပ်ရဲ့ အပြင်ဘက် ကားပါကင်မှာ သူ့ရဲ့ အချစ်ဆုံး
သူငယ်ချင်း (မွေးနေ့ရှင်) နဲ့အတူ နောက်ထပ် ငါးယောက်လောက်နဲ့ သူတို့ အရှေ့ မှာ
အဲလ်ဗစ္စပရက်စလီရဲ့ဒေါက်၊ ယောက်ျားပဲ တစ်ပိဿာနဲ့ ဆရာကြီးဂိုဏ်းချုပ် စကားလုံးတွေနဲ့
ကြွယ်နေတဲ့ မောင်မောင်ဆန်း (လက်ထောက်မန်နေဂျာ) က
"ဒါဆို၊ ဦးလေးတို့ ဘယ်နှစ်ဖွဲ့ဆိုမှာလဲ" မွေးနေ့ရှင်က ပြန်လည် ဖြေကြားတယ်။ "On Track,
Complex Crew, J-Me" "ခဏနေဦး၊ ငါမသေချာသေးဘူး၊ ငါ့ အဖေကို ခွင့်တောင်းလိုက်ဦးမယ်"
ထိုတွင် မောင်မောင်ဆန်းက 'ရန်အောင်' အိုက်တင်အပြည့်နဲ့ "သီချင်းဆိုဖို့ကိုပဲ မိဘကို
ခွင့်တောင်းစရာ လိုသေးတယ် ဟားဟားဟား " သူဘာမှ ပြန်မပြောဘဲ ခပ်တည်တည်နဲ့ ပြန်ကြည့်
လိုက်တယ်။ ဘေးက သူငယ်ချင်းကလည်း ငိုရ မလို ရယ်ရမလို ရုပ်တွေနဲ့ပေါ့။
နောက် Folder တစ်ခုကိုရောက်တော့ ခုနက မောင်မောင်ဆန်း ပဲ ဒါရိုက်တာအောင်ကိုလတ်တို့
ရုံးမှာ သူတို့ သားအဖနှစ်ယောက်ကို ကပ်ပါးရပ်ပါးနဲ့ စကားပြောနေတယ်။
"လုပ်ပါ ဦးလတ်ရယ်၊ ဦးလတ် သားပါမှ ကျွန်တော့် စတိတ်ရှိုး လူစည်မှာမို့လို့ပါ" တပည့်လေး
နည်းနည်း စိတ်ဝင်စားလာတယ်။ နောက် ဗိုင်းရပ်စ်ကိုက်နေတဲ့ အပိုင်းကို ကြည့်တော့ ထိုးကြိတ်
နေတဲ့ အပိုင်းတွေဖြစ်နေ တယ်။ သူထိုး ကိုယ်ထိုးပွဲတွေ ဖြစ်တယ်။ ဆက် လေ့လာပြီး ခပ်ဝေးဝေး
လံလံက ဖိုင်တစ်ခုကို တွေ့ရာ
"အရမ်းချစ်ဖို့ကောင်းတာတော့ သေချာတယ်၊ ငါကြိုက်လိုက်ရင် ကောင်းမလား။ မျက်လုံးလေးက
ကာတွန်းထဲက မင်းသမီး မျက်လုံးလေး၊ အသားက ဖြူဖွေးနေတာပဲ။ ငါ့ကိုလည်း အကြင်နာ
ကြည့်တွေနဲ့ ကြည့်နေတယ်။ သူ့ အမူအရာလေးတွေက နတ်သမီးလေးတစ်ပါး ကျနေတာပဲ"
ရုတ်တရက် ရှဲ... ဆိုပြီးနောက် တွေ့ရတဲ့ ပုံရိပ်မှာ ယုံဖွယ်မရှိ၊ ခုနက ချစ်စရာကောင်းပါတယ်ဆိုတဲ့
ကောင်မလေးက အရူးမကြီး တစ်ယောက်လို သောင်းကျန်းနေတယ်။ စမ်းချောင်းအိမ် နောက်ဖေး
ပြတင်းပေါက်က ခုန်ချဖို့လုပ်နေတယ်။ သူလည်း တောင်းပန်ရုံကလွဲလို့ ဘာမှမတတ်နိုင်။
အဲဒီနောက် shut down ကျသွားတော့တယ်။
ကျောင်းသားလည်း အာရုံနောက်သွားပြီး စက်တွေကို သေသေချာချာ ပြန်စစ်ဆေးကာ ပါဝါ
ပြန်ဖွင့်ကြည့်ရာ ခဏတော့စောင့်ရတယ်။
'ရောက်ရှိရာတွင် ပြန်လည်ပြသခြင်း' ရန်ကုန်မြို့ကြီးတစ်ခုလုံး မှောင်မည်းရာကနေ အလင်းရောင်
ထွက်လာပြီး မြို့သူ မြို့သားတွေ ဒုက္ခသည်ဘ၀ရောက်ပုံကို မြင်တွေ့ရတယ်။ မီးမရ၊ ရေမလာနဲ့
သစ်ပင်တွေလဲ၊ ဓာတ်ကြိုးတွေပြတ်၊ တဲတွေပြို၊ လဲနေတဲ့ သစ်ပင်တွေကြောင့် ကားတွေသွားမရ၊
အားလုံးဟာ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ကြောက်ရွံ့အားငယ်နေရတဲ့ ပုံရိပ်။
သူ Skip လုပ်ကြည့်ရာ နောက်လပေါင်း အနည်းငယ်ကြာသော် ကယ်ဆယ်ရေးသင်္ဘောပေါ်မှာ
ဖြစ်တယ်။ ခရစ်ယာန်ဂီတအနုပညာရှင်တွေနဲ့ မော်လမြိုင်ကျွန်းနဲ့တကွ မြစ်ဝကျွန်းပေါ် ဒေသရှိ
မုန်တိုင်းသင့် ရွာတွေကို လိုက်လံ လှူဒါန်း နေခြင်းဖြစ်ပါတယ်။
နောက်ဆုံးနေ့မှာ သင်္ဘောကပ္ပတိန်က သူ့ကို စက်ခန်းထဲခေါ်ပြီး "ညီလေး မင်းမောင်းကြည့်ပါလား"
သူလည်း ပြုံးပြုံးလေးနဲ့ "စမ်းကြည့်ရတာပေါ့ဗျာ" လို့ ဖြေကြားပြီး ခပ်တည်တည်နဲ့ ကပ္ပတိန် Train
ပေးသလောက်နဲ့ပဲ သင်္ဘောကြီးကို တက်မောင်းနေတယ်။ တော်တော်ပျော်ပုံရတယ်။
ထိုတွင် မြစ်ကမ်းနံဘေး ခပ်ဝေးဝေးက ပုံရိပ်ကလေး တစ်ခုရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရတော့တယ်။
စက်ခန်းထဲက လူအားလုံး ငေးသွားတယ်။ River bank မှာ ကလေးသူငယ် မြောက်မြားစွာ
ထွက်ပြီး လက်ပြနေခြင်း ဖြစ်တယ်။ အဝေးကဆိုတော့ သိပ်တော့မမြင်ရ၊ မြင်ရသလောက်
အယောက် ၂၀ ကျော်ရှိတယ်။ ကလေးတွေရဲ့ လက်တွေ လေမှာဝှေ့ယမ်းနေတယ်။
ကပ္ပတိန် ကမေးတယ်၊ သင်္ဘောမှာ လှူစရာ (ကလေးကစားစရာနဲ့ အစားအသောက်) ဘာကျန်
သေးလဲ။ အဆိုတော်အသင်းက ခေါင်းဆောင်တစ်ဦးနဲ့ ညှိနှိုင်းပြီး ကပ္ပတိန်ဟာ သင်္ဘောကို
ပြန်လှည့်လိုက်တယ်။ သင်္ဘောကြီး သူတို့ဘက်ကို ပြန်လှည့်လာတဲ့ မြင်ကွင်းကို တွေ့မြင်လိုက်ရတဲ့
မုန်တိုင်းသင့် မိဘမဲ့ဒုက္ခသည် ကလေးတွေရဲ့အသံဟာ သင်္ဘောကြီး နီးလာလေလေ ပိုကျယ်လာ
လေလေပင် ဖြစ်တယ်။
'ဟေး ဟေး' နဲ့ အော်နေလိုက်ကြတာ၊ သူလည်း စက်ခန်းထဲက ထွက်ပြီး သင်္ဘောအောက်ထပ်ကို
ဆင်းကာ ကစားစရာ ပူဖောင်းလေးတွေ သွားယူပြီး သူကိုယ်တိုင် လှူဖို့စဉ်းစားတယ်။
သူစဉ်းစားတာက ဒီလိုကစားစရာ လေးတွေကို ဒီကလေးတွေ ရွာမှာ မြင်တောင်မြင်ဖူးကြပါ့မလား။
ကလေးတွေရဲ့ ပျော်ရွှင်သံဟာ သူ့ခေါင်းတစ်ခုလုံး ပြည့်လာတယ်။ သင်္ဘောကမ်းနဲ့ ကပ်ဖို့ နီးလာတဲ့
အခါ သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာတယ်။ သင်္ဘောကြီး လုံးဝ ကပ်ပြီးရပ်သွားချိန်မှာ
သူတို့လေးတွေရဲ့ အရေအတွက်ဟာ မိဘမဲ့ အယောက် ၅၀ ကျော် ဖြစ်တယ်။
အသက်က အားလုံး ငါးနှစ်ပတ်ဝန်းကျင်၊ အားလုံးရဲ့ မိဘတွေ မုန်တိုင်းထဲ ပါသွားပြီဆိုတဲ့
အသိစိတ်နဲ့ မြစ်ကမ်းနံဘေးကို ဆင်းလှူဖို့ စဉ်းစားရင်း တံတားထိုးချိန်မှာ ကစားစရာတွေကို
ကြည့်လိုက်၊ ကလေးတွေကို ကြည့်လိုက်နဲ့ အောက်ဆင်းဖို့ ကြောက်ရွံ့နေတယ်။
သူ ဆင်းသွားရင် ကလေးတွေ အရှေ့မှာ သနားကြင်နာစိတ်နဲ့ မျက်ရည်တ၀ဲလည်လည် ဖြစ်တော့
မယ်။ ကျန်တဲ့လူတွေအကုန် လှူဖို့ ဆင်းနေချိန်မှာ သူမဆင်းနိုင်တော့ဘဲ သင်္ဘောပေါ်က
သူ့အိပ်ခန်းထဲဝင်ကာ ခိုးပြီးငိုနေတယ်။
ကလေးတွေကို သနားတဲ့စိတ်ဟာ ရင်မှာဆို့ လာတယ်။ ယောက်ျားတန်မဲ့ ငိုနေတာကို သူများတွေ
တွေ့မှာလည်းစိုးတယ်။ ကြည့်နေတဲ့ စိတ်ဓာတ်ခွဲခန်းကျောင်းသားပါ ငိုချင်လာတာကြောင့်
ကျော်ကြည့်လိုက်ရတယ်။
နေရာကတော့ လန်ဒန်၊ ဘေးနားမှာ အင်္ဂလန်ရောက် မြန်မာဂေါ်လီတွေနဲ့ Hang out လုပ်နေရတာ
အတော် သဘောတွေ့ပုံရတယ်။ တစ်သက်စာ စုလာသမျှ ပိုက်ဆံတွေနဲ့ ရှော့ပင်ထွက်နေတာ
ဖြစ်တယ်။
Adidas ဆိုင်ကို ရောက်တဲ့အခါ သွားရည်တများများနဲ့ လိုက်ကြည့်လေတော့ ထောင့်တစ်ခုမှာ
Run dmc အဖွဲ့က ဆုံးပါးသွားပြီဖြစ်တဲ့ Jam Master Jay "Tribute" Limited Edition ဖိနပ်
တစ်ရန်ကို တွေ့တော့ စိတ်မထိန်းနိုင်တော့ဘဲ တအား လိုချင်သွားတယ်။
ဖိနပ်ဘူးထဲမှာ ရွှေရောင် ချိန်းကြိုးတွေနဲ့ ဆင်မြန်းထားသေးတယ်။ ဈေးနှုန်းက အင်္ဂလိပ်ပိုက်ဆံ
ပေါင် ၅၀၀ ဖြစ်တယ်။ သူ့မှာ အဲဒီလောက် ပိုက်ဆံပါမလာ၊ ဒါပေမဲ့ ရန်ကုန်က ပါလာတဲ့ သူဌေး
တစ်ယောက်ဆီက ချေးငှားပြီး ၀ယ်ယူနိုင်တယ်။ ရန်ကုန် ရောက်မှ ပြန်ပေးမယ်ဆိုလည်း ဒီသူဌေး
က ငြင်းမှာမဟုတ်။
စဉ်းစားနေချိန်အတွင်းမှာပဲ မြစ်ကမ်းနံဘေးက ကလေးတွေရဲ့ ပုံရိပ် ပေါ်ပေါ်လာတယ်။ ရပ်တန့်
သွားတယ်။ ဆိုင်ထဲမှာ သီချင်းဖွင့်ထားပေမယ့် သူ့နားထဲမှာ 'ဟေး၊ ဟေး' ဆိုတဲ့ ကလေးလေးတွေ
ရဲ့ အသံကိုပဲ ကြားနေရတယ်။
ဤမှာပင် Jam Master Jay ကို တစ်ချက်ကြည့်ပြီး "စိတ်မကောင်းပါဘူး ဆရာ။ ဒါပေမဲ့
ကလေးတွေကို ကိုယ်ချင်းစာရဦးမယ်" လို့ ပြောပြီး ဆိုင်ထဲမှ ပြန်ထွက်လာတယ်။
ဤမှာပင် ဒေါက်တာလေးလုံးရဲ့ ကျောင်းသားဟာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ရပ်လိုက်တယ်။
သူဆက်လက် အကဲခတ်ဖို့ မလိုအပ်တော့၊ သဘောပေါက်သွားပြီ။ ရှုပ်ထွေးမှု မရှိ၊ ရှင်းတယ်။
သူစဉ်းစားမယ်လေ၊ ကိုယ့်တိုင်းပြည်က ကလေးတွေ အများကြီး ဆင်းရဲနွမ်းပါးနေတဲ့ အချိန်မှာ
ကိုယ်က ဘာမဟုတ်တဲ့ ဖိနပ်တစ်ရန်ကို ဒုက္ခခံပြီး ၀ယ်မလား။ သူ့လုပ်ရပ်ဟာ တရားလား၊
လူတွေက တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက် သဘောမပေါက်ကြတာ ဘ၀ရဲ့အခန်းငယ်
တစ်ခုပါ။
အဲဒီအခန်းကနေ ထွက်ပြီးကြည့်ရင် အားလုံး သဘောပေါက်လာကြမှာပါ။


Copied from Myanmar Times