အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မာလာအောင်နှင့် အင်တာဗျူး




အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေချိန်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် (တာဝ တက္ကသိုလ်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မာလာအောင် ဦးဆောင်သည့် အမျိုးသား ပညာရေး ဥပဒေ ရှင်းလင်းပွဲကို ဇန်နဝါရီလ အစောပိုင်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ယင်းရှင်းလင်းပွဲတွင် ဥပဒေ ပါရဂူ ဒေါက်တာ မာလာအောင်က အစိုးရမှ ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေးဥပဒေပါ အချက်များသည် ပြည့်စုံမှု မရှိကြောင်း၊ ဥပဒေတွင် ချို့ယွင်းချက် များစွာရှိကြောင်း ရှင်းလင်းပွဲတွင် ထောက်ပြခဲ့သည်။

ဒုတိယ ပါမောက္ခချုပ် မာလာအောင်သည် ၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ တိုဟိုကု (Tohoku) တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။ အငြင်းပွားမှု၊ ဝေဖန်မှုနှင့် ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်စွာ ဖြစ်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ ဒေါက်တာ မာလာအောင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းထားပါသည်။

  မေး။ ။ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြခွင့်ဖို့ ဘယ်လိုတွေ ဆောင်ရွက်ခဲ့ပါသလဲ။

  ဖြေ။ ။ အမျိုးသား ပညာရေး ဥပဒေကို စရေးဆွဲကတည်းက ကျမ ပါဝင်ဆောင်ရွက်ရခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေသလဲဆိုတာ မသိခဲ့ဘူး။ သတင်း၊ ဂျာနယ်တွေထဲမှာ ကျောင်းသားတွေက အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်မှောက်တယ်ဆိုတဲ့ အကြောင်းတွေ ဖတ်ရတယ်။ ဒါနဲ့ ဒီဥပဒေကို လေ့လာချင်တဲ့စိတ် ဖြစ်မိတယ်။ ဒါပေမယ့် ဒီဥပဒေ ပြဌာန်းချက် စာအုပ်ကို ဒီဇင်ဘာလလောက်မှ စာအုပ် လက်ထဲ ရောက်လို့ သေချာ ဖတ်ဖြစ်ပါတယ်။ ဒီလိုပဲ တက္ကသိုလ်တွေမှာ လိုက်ရှင်းနေတယ်ဆိုတာပဲ သိတယ်။ ကျမတို့လည်း မပါဝင်ရပါဘူး။ အဲဒီတော့ ဖြစ်ချင်တော့ နိုဝင်ဘာလ ၂၇ ရက်နေ့ သမ္မတကြီး မိန့်ခွန်းထဲမှာ အမျိုးသားပညာရေး ဥပဒေမှာ သဘောထား ကွဲလွဲချက်တွေလည်း ရှိမယ်။ သဘောတူညီချက်တွေလည်း ရှိမယ်။ အဲဒါတွေကို ရှာဖွေပြီး ညှိနှိုင်းပြီးတော့ တက္ကသိုလ် တခုချင်းအလိုက်ဖြစ်စေ၊ တက္ကသိုလ်တွေ စုပေါင်းပြီးတော့ ဖြစ်စေ ဆရာတွေ၊ ကျောင်းသားတွေ တွေ့ဆုံပြီးတော့မှ ဒါတွေကို ညှိနှိုင်းဆွေးနွေးကြပါလို့ ပြောထားတဲ့အကြောင်း ဖတ်ရတယ်။ နောက်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေလည်း ပါတယ်။ အဲဒါလည်း တွေ့ရော ကျမအနေနဲ့ ၀န်ထမ်းလည်း ဖြစ်တယ်၊ ကျမရဲ့ ဘောင်အတွင်းကနေ လုပ်နိုင်ပြီ ဆိုပြီး ဒီကျောင်းရဲ့ ပါမောက္ခချုပ်ကို ခွင့်ပြုဖို့ ဒီဇင်ဘာ ၁၂ ရက်က စာတင်ပါတယ်။ ပါမောက္ခချုပ်ရဲ့ ခွင့်ပြုချက်ရမှ ကျမအနေနဲ့ တရားဝင် ကျောင်းသား၊ ဆရာ၊ ၀န်ထမ်းတွေ တက်ရောက်ပြီး တွေ့ဆုံပွဲ လုပ်ဆောင်ခဲ့ပါတယ်။

  မေး။ ။ ဘယ်အရာတွေက တွန်းအားပေးခဲ့လို့ ဒီရှင်းလင်းပွဲ လုပ်ဆောင်ဖို့ ဆရာမ ဆုံးဖြတ်ခဲ့တာပါလဲ။

  ဖြေ။ ။ တချက်က ဥပဒေကို လေ့လာလိုက်တဲ့အခါမှာ မှားနေတဲ့ အားနည်းချက်တွေကို တွေ့ရပါတယ်။ နောက်ပြီး သမ္မတကြီး ကိုယ်တိုင်က ဒီဥပဒေမှာ အားနည်းချက်၊ အားသားချက်တွေ ရှိပါတယ်လို့ ပြောထားတဲ့ အတွက် အားနည်းချက်တွေကို ထုတ်ပြရမယ့် ကိစ္စမှာ ကျမတို့မှာလည်း တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျမက ဥပဒေသမားလည်း ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒီဆန္ဒက ကျမအတွက် တွန်းအားဖြစ်ပါတယ်။ နောက်တခုက ကျမတို့ဆရာတွေအတွက် အဓိက တာဝန်ရှိတဲ့သူတွေဟာ ကျောင်းသားကျောင်းသူတွေ ဖြစ်ပါတယ်။ အဲဒီတော့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို ကျမတို့က နားထောင်ပေးသင့်တယ်လို့ မြင်တယ်။ သူတို့တွေဟာ နောင်အနာဂတ် လူငယ်တွေ ဖြစ်ပါတယ်။ အဲဒီအနာဂတ် ကလေးငယ်တွေရဲ့ ဒုက္ခဆင်းရဲဖြစ်မယ့် ကိစ္စကို ကျမ မကြည့်နိုင်ပါဘူး။ သူတို့ အန္တရာယ် ဖြစ်မှာကိုလည်း ဒီတိုင်းလက်ပိုင်ပြီးတော့ မကြည့်နိုင်ပါဘူး။ အဲဒီတွန်းအား နှစ်ချက်နဲ့တင် ဒီလို ရှင်းလင်းပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ဥပဒေသာ ပြီးပြည့်စုံနေမယ်ဆိုရင် ကျမဒီလို ပြောဖြစ်မှာ မဟုတ်ပါဘူး။ ဆန္ဒပြနေတဲ့ ကလေးတွေကိုပဲ ရှင်းလင်းပြပြီးတော့ နေမှာပေါ့။ မပြည့်စုံလွန်းလို့သာ မပြည့်စုံတဲ့အပေါ်မှာ ပေါ်ထွက်လာရတယ်လို့ပဲ ကျမ ပြောချင်ပါတယ်။

  မေး။ ။ အခုလို ရှင်းလင်းပွဲမှာ အစိုးရ၀န်ထမ်းတဦးက ဥပဒေကို ပြည့်စုံမှု မရှိဘူး၊ ချို့ယွင်းချက်တွေ ရှိနေပါတယ်လို့ ဝေဖန်လိုက်တဲ့အတွက် နောက်ဆက်တွဲ ဖြစ်လာမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို ပြင်ဆင်ထားပါသလဲ။

  ဖြေ။ ။ ကျမ အနေနဲ့ အဲဒီဟောပြောပွဲဟာ ကျမရဲ့ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ အထက်အဆင့်ဆင့်ကနေပြီး ခွင့်ပြုချက်ယူ လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ ဘာမှ ငြိစွန်းတာ မရှိပါဘူး။ ဒါပေမယ့် ရှင်းလင်းပွဲဆိုတဲ့အတွက် ကျမအနေနဲ့ ဥပဒေမှာပါတဲ့ မြန်မာစကားအနေနဲ့ မရှင်းလင်းတာတွေကို ကျမ ရှင်းလင်းပါတယ်။ နောက်တခါ ဥပဒေအမြင်အရလည်း ဘယ်ဟာ ချို့ယွင်းတယ်၊ မချို့ယွင်းဘူးဆိုတာကိုလည်းရှင်းပါတယ်။ အဲဒီ ရှင်းတာတွေဟာ ယနေ့လက်ရှိ နိုင်ငံတော်ကနေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို နှောက်နှေးစေမယ်လို့ ဆိုခဲ့ရင်တော့ ဒါဟာ ကျမသည် လုပ်ငန်းကို စည်းကမ်းဘောင်ထဲမှာ လုပ်ရင်း ဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် အဲဒီလို ဆိုရင်တော့ ကျမ စွန့်စားမှုက ရလာမယ့် ရလဒ်ကို ကျမ စောင့်နေယုံပဲလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ပြည့်စုံတဲ့ ဥပဒေဖြစ်ဖို့ ကျမ တာဝန်အရ မှန်တယ်ဆိုရင် ပြောမှာပါ။

  မေး။ ။ ဆန္ဒပြနေတဲ့ ကျောင်းသားတွေအပေါ် ဆရာမရဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

  ဖြေ။ ။ ဥပဒေမှာ ကောင်းတဲ့ ပုဒ်မတွေ ရှိသလို မကောင်းတဲ့ ပုဒ်မတွေလည်း ရှိတယ်။ အဲဒါတွေကို ကျမတို့က ရွေးချယ်နိုင်ရမယ်။ နောက်တဆင့်က အခု ဆန္ဒဖော်ထုတ်နေတဲ့ ကလေးတွေကို ဒီပုဒ်မတွေက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ရှင်းပြနိုင်ရမယ်။ ကျောင်းသားတွေရဲ့ သဘောထားနဲ့ ဥပဒေ ရေးဆွဲတဲ့သူတွေအနေနဲ့ ညှိနှိုင်းရမယ်။ သူတို့ သေချာနားလည်အောင် ပုဒ်မ တခုချင်းစီကို ရှင်းပြနိုင်ရမယ်။ နောက်ပြီး ဆရာတွေဆိုတာက ကျောင်းသားတွေ ကျောင်းမလာရင် အလုပ်လက်မဲ့ပါပဲ။ ဒါကြောင့် ကလေးတွေရဲ့ တာဝန်ဟာ ကျမတို့မှာ အပြည့်ရှိတယ်။ တခါတရံမှာ ကလေးတွေဟာ ကိုယ်တွေထက် အသိကြွယ်တာတွေ ရှိတယ်။ ကလေးတွေကိုလည်း လေးစားရမယ်။ အဲဒီအတွက်ကြောင့် ကျမ ပြောပြချင်တာက မျက်နှာမလွှဲသင့်ဘူးလို့ ထင်ပါတယ်။

ကျမ ပြောချင်တာက ကောင်းတဲ့ ပုဒ်မတွေ၊ မကောင်းတဲ့ ပုဒ်မတွေလည်း ရှိပါတယ်။ အဲဒါတွေကို ချပြလိုက်စေချင်တယ်။ မကောင်းတဲ့ ပုဒ်မတွေကို ပြင်စေချင်တယ်။ လိုနေတဲ့ ပုဒ်မတွေကိုလည်း ထည့်ဖြည့်စေချင်တယ်။ ပိုနေတဲ့ ပုဒ်မတွေကိုလည်း ဖြုတ်စေချင်တယ်။ အဲဒီဥပဒေကြီး သန့်သွားပြီဆို အဲဒီဥပဒေဟာ တည်ငြိမ်တဲ့ဥပဒေ ဖြစ်သွားပြီ။ ကျမတို့ရဲ့ ဥပဒေ သဘောတရားကို ပြောမယ်ဆိုရင် ဥပဒေတခုဟာ တည်ငြိမ်ရမယ်။ ဒါပေမယ့် ကာလ၊ ဒေသ ပြောင်းလဲနေတဲ့ အခြေအနေတွေမှာလည်း ဥပဒေဟာ လိုက်လျောညီထွေ အသုံးမပြုနိုင်ဘူးဆိုရင် ဒီဥပဒေကို ပြောင်းလဲသင့်တယ်၊ ပြင်ဆင်သင့်တယ်။ ဖြတ်သိမ်းသင့်တယ်လို့ ပြောထားတယ်။ ဥပဒေတခု တည်ငြိမ်မှ ဒီဥပဒေဟာ အလုပ်လုပ်လို့ ရမယ်။ ကျမပြောချင်တာကတော့ စပြီး ပြဌာန်းကတည်းက ပြည့်စုံမှသာ ဒီဥပဒေက တည်ငြိမ်လိမ့်မယ်။ မပြည့်စုံရင်တော့ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။ အခု အမျိုးသားပညာရေး ဥပဒေလိုပေါ့။

  မေး။ ။ ဥပဒေမှာ ဘယ်အချက်တွေက ပြည့်စုံမှုမရှိတာလဲ။ ဘယ်အချက်တွေက ချို့ယွင်းမှုတွေ ရှိနေတာပါလဲ။

  ဖြေ။ ။ ရှင်းလင်းပွဲမှာ ကျမအနေနဲ့ ဥပဒေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတွေကိုလည်း ရှင်းပါတယ်။ ဥပဒေ စံချိန်၊ စံညွှန်းကိုလည်း ရှင်းပြခဲ့ပါတယ်။ တချို့ပုဒ်မတွေဆို ဥပဒေ စံချိန်၊ စံညွှန်းနဲ့ မညီဘူး။ တချို့ပုဒ်မတွေဆို စကားရပ်တွေက ဖောင်းပွနေတယ်။ ဥပမာ အနေနဲ့ဆိုရင် ဥပဒေမှာ စကားရပ်များ အဓိပ္ပါယ်ဖော်ပြချက်ဆိုတဲ့ အခန်းရှိပါတယ်။ အခု ဒီဥပဒေမှာ အမျိုးသား ပညာရေးလို့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့အခါမှာ အရမ်းများနေပါတယ်။ တကယ်လို့ အမျိုးသားပညာရေးလို့ ပြောရင် တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပညာရေးလို့ ပြောရင် ရပါတယ်။ ဥပဒေရဲ့ သဘောတရားက အဲဒီလောက်ပဲ ရှိတယ်။ အဲဒီလောက် ဖော်ပြရင်ပဲ တိုင်းရင်းသားလည်းပါမယ် ကလေး၊ လူကြီး အားလုံး အကျုံးဝင်သွားပြီ။ အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင်လည်း ဥပဒေ စံချိန်စံညွှန်းမှီဖို့ လိုပါတယ်။ မမှီလို့ရှိရင် အဲဒီဥပဒေကို အသုံးပြုတဲ့ အခါမှာ ဒုက္ခရောက် တတ်ပါတယ်။ ဒါကြောင့် ကျမအနေနဲ့ ပြောရရင် ဒီဥပဒေမှာ ချို့ယွင်းချက်ရှိတယ်လို့ ပြောရမှာပါပဲ။

  နောက်တခုက အမျိုးသားပညာရေးစနစ်လို့ ပြောတဲ့အခါမှာ အခြေခံမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ထိ ပညာသင်ရမယ့် နှစ်ပေါင်း ၁၂ နှစ် သတ်မှတ်တယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် အခု ဥပဒေအသစ်အရ မူလတန်းသည် စတုတ္ထတန်း အထိလား၊ အလယ်တန်းသည် အရင်လိုပဲ ၈ တန်းအထိလား၊ အထက်တန်းကတော့ ၁၀ တန်း မဟုတ်တာ သေချာသွားပြီ ဒီမှာ ဖော်ပြထားတာ ၁၂ နှစ် ဖြစ်နေလို့။

ကျမလေ့လာလို့ သိရတာက မူလတန်းက ၅ တန်းမှာ သတ်မှတ်တယ်။ အလယ်တန်းကို ၉ တန်းအထိ သတ်မှတ်တယ်။ အထက်တန်းကို ၁၂ တန်းအထိ သတ်မှတ်တယ်။ အဲဒီတော့ နှစ်တန်းပိုသွားပြီ ဖြစ်တဲ့အတွက် အဲဒီနှစ်တန်းစာနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတန်းတွေ သင်ရိုးမာတိကာတွေ ရေးရတော့မယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေ လိုလာမယ်။ အခန်းတွေလိုလာမယ်။ ဒါတွေကို ဘယ်နှစ်မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ အကောင်အထည်ဖော်မယ့်စီမံကိန်း Plan တခု ကြိုတင်ပြီး ရေးဆွဲရပါမယ်။ ဒါပေမယ့် အခုက အကောင် အထည်ဖော်မယ့် စီမံချက်ကို အရင်မဆွဲဘဲနဲ့ ဥပဒေကို အရင်ဆွဲလိုက်တဲ့အခါမှာ ဥပဒေနဲ့ ညီအောင် အနောက်ကလိုက်နေရတဲ့အခါမှာ မလိုက်နိုင်ရင် ဒုက္ခ ဖြစ်ပါတယ်။

ဥပဒေတခု ရေးဆွဲတော့မယ်ဆိုရင် အကျိုးရှိတာနဲ့ အကျိုးမရှိတာကို ကြည့်ရမယ်။ အကျိုးရှိတာသည် ဘယ်နှချက် ရှိမလဲ၊ အကျိုးမရှိတာသည် ဘယ်နှချက်ရှိမလဲ ကြည့်လိုက်လို့ အကျိုးမရှိတဲ့အချက်က များနေရင် မလုပ်ဘူးပေါ့။ ရှင်းရှင်းလေးပါ။ သူများနိုင်ငံ ဘယ်လောက် လုပ်လုပ် ကိုယ့်နိုင်ငံ မလုပ်ဘူး။ ရတယ် ကိစ္စတော့ မရှိဘူး။ ဒါပေမယ့် သူများနိုင်ငံနဲ့ အတင်းလိုက်ပြီးတော့ မီအောင် ကိုယ့်နိုင်ငံကို လည်ပင်းညှစ်ပြီးတော့ သွားလို့တော့ မရဘူး။ ဒါကြောင့် အကောင်အထည် ဖော်မယ့် Plan ကို ဆွဲပြီးမှ အကြောင်းအရာ တခုချင်းစီရဲ့ ထွက်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို တခါတည်း ပြသွားရမယ်။ အစိုးရက လုပ်မယ့် ဘယ်ကိစ္စမျိုးမဆို ဒီလိုပဲ သွားရမှာပဲ။

အဓိကပြောချင်တာက အဲဒီလို စပြီး အခြေခိုင်တဲ့ တိကျမှု မရှိဘူး၊ ပြတ်သားမှု မရှိဘူး၊ Plan ဆိုတာ မရှိဘဲ ဥပဒေကို ရေးဆွဲလိုက်တဲ့အခါမှာ ဥပဒေက စာရွက်ပေါ်မှာ သတ်သတ်တခု၊ အခု အကောင်အထည်ဖော်နေတဲ့ ဟာတွေက သတ်သတ်တခု အဲဒီလိုတွေ ဖြစ်သွားတာပေါ့။

  မေး။ ။ ဘယ်လိုအချက်မျိုးလို့ ဆိုနိုင်ပါသလဲ။ ဥပမာ တခုလောက်ကို ပြောပြပေးပါ။

  ဖြေ။ ။ ထင်ရှားတဲ့ တခုကို ပြောရမယ်ဆိုရင် မသင်မနေရ အခမဲ့ ပညာရေးကို မူလတန်း ပညာရေးအထိ သတ်မှတ်တယ်လို့ ဥပဒေက ပြောထားတယ်။ အခု ကျမ သတင်းတွေ ဖတ်လို့ သိရတဲ့တခုကို ပြောရရင် အခုဆို အလယ်တန်းအထိ အခမဲ့ လုပ်နေပါပြီ၊ အထက်တန်းကိုတော့ မကြာမီ လုပ်တော့မယ်လို့ ပြောတယ်။ ဥပဒေက မူလတန်းပညာရေးလို့ သတ်မှတ်ထားတာက ၆ လလောက်ပဲ ရှိသေးတယ်။ အကောင်အထည်ဖော်တဲ့ ကိစ္စတွေက ဥပဒေနဲ့ မညီတဲ့ အကောင်အထည်တွေ ဖြစ်နေပြန်တယ်။

  ပြောရမယ်ဆိုရင် အရင်ကတည်းက ရှိနေတဲ့ မူလတန်းပညာရေး မသင်မနေရ အခမဲ့ပညာရေး လုပ်နေပြီဆိုရင် အခု ရေးဆွဲလိုက်တဲ့ ပညာရေး ဥပဒေအသစ်ထဲမှာ အလယ်တန်းကို အခမဲ့ ပညာရေး လုပ်မလားပေါ့။ အပြင်မှာ ကျမ ပြန်ကြားရတာက ယူနက်စကိုကတော့ မူလတန်းအဆင့်အထိပဲ လုပ်တဲ့အတွက် မူလတန်းအဆင့်အထိပဲ သတ်မှတ်ပြဌာန်းတယ်ပေါ့။ တကယ်လို့ မြန်မာနိုင်ငံသည် အလယ်တန်းအဆင့်အထိ လုပ်တယ်ဆိုရင် ယူနက်စကိုမှာ ကျမတို့ Top မဖြစ်သွားဘူးလား။ ဒီနိုင်ငံသည် ယူနက်စကိုထက် ကျော်လွန်ပြီး ဆောင်ရွက်နိုင်တယ်ဆိုတာမျိုး မဖြစ်သွားဘူးလား။ ကျမပြောချင်တာ ဒါဟာ ကောင်းတဲ့အရာပါ။ တကယ်လို့ ဥပဒေမှာ မူလတန်းအဆင့်ထိ မသင်မနေရ အခမဲ့ သတ်မှတ်တယ်။ အလယ်တန်းအထိ အခမဲ့လို့ တိုးမြှင့်ပြဌာန်းလိုက်ရင် မကောင်းဘူးလား။ အဲဒီလိုမှ မဟုတ်ဘဲ အလယ်တန်းအထိ မသင်မနေရ အခမဲ့ သတ်မှတ်ရင်လည်း ဖြစ်နိုင်ပါတယ်။ အလယ်တန်းပြီးသွားမှ ကလေး တယောက်ဟာ အသက် ၁၆ နှစ်လောက် ရှိမှာ။ ဒါမှ အလုပ်လုပ်တဲ့အခါ အလယ်တန်းလည်း အောင်မြင်မယ်။ လုပ်ငန်းခွင်လည်း ၀င်ဖို့ အသက်က အဆင်သင့်ဖြစ်မယ်။

တကယ်လို့ အရမ်းဆင်းရဲတဲ့ မိသားစုတွေ အလယ်တန်းအဆင့်အထိ မသင်နိုင်ဘူး။ ဒါပေမယ့် အခမဲ့ဆိုရင် သူတို့ သင်နိုင်လိမ့်မယ်။ အဲလိုမှမဟုတ် ဒီကလေးက မိဘကို ကူညီရမယ် စာမသင်နိုင်ဘူးဆိုရင်လည်း ပုဒ်မ ၄၈ မှာ ပြဌာန်းထားတာက ရပ်ကွက်နဲ့ ကျေးရွာတွေက အဲဒီလိုဖြစ်နေတဲ့ သူတွေကို ကူညီစောင့်ရှောက်ပေးရမယ်လို့ ပြဌာန်းထားတယ်။ ဒီပြဌာန်းချက်ဟာ အရမ်းကောင်းတဲ့အချက်ပါ။ ဥပဒေဆိုတာက လူမှုရေး ပြသနာတွေကို ရှင်းလင်းအောင် လုပ်တာပါ။ လူတွေကို ဥပဒေနဲ့ ချုပ်ချယ်တာ မဟုတ်ပါဘူး။ အဲဒါတွေကို ဥပဒေပြဌာန်းတဲ့ သူတွေက နားလည်ရမယ်။ အဲဒီလို နားမလည်တဲ့ အခါမှာ ဥပဒေပြဌာန်းချက်နဲ့ အကောင်အထည်ဖော်တဲ့ ကိစ္စတွေက လွဲနေတယ်ဆိုရင် ပြသနာတွေ မျိုးစုံတတ်လာမှာပဲ။ ရှင်းမရတဲ့ ပြသနာတွေ အထိ ဖြစ်နိုင်တယ်။

  မေး။ ။ အမျိုးသား ပညာရေး ပင်မ ဥပဒေမှာ ကျောင်းသားဖွဲ့စည်းခွင့်လို မပါတဲ့ အချက်တွေကို နည်းဥပဒေမှာ ထည့်သွင်းပြဌာန်းမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။

  ဖြေ။ ။ ဥပဒေ ရှုထောင်ကနေ ပြောရမယ်ဆိုရင် Mother Law ကို ပြဌာန်းပြီးတဲ့ အခါမှာ အဲဒီဥပဒေမှ တဆင့် အကောင်အထည် ဘယ်လိုဖော်မလဲ ဆိုတဲ့ နည်းတွေ ရေးဆွဲသတ်မှတ်ပေးရတဲ့ နည်းဥပဒေတွေ သတ်မှတ်ပေးရပါတယ်။ အကောင်အထည်ဖော်တဲ့ နည်းတွေ ပြီးရင် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကို ဖော်ဆောင်ပေးရပါတယ်။

  နောက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ပြဌာန်းထားတယ်။ ဥပဒေတရပ်ကို ပြဌာန်းခဲ့ရင် အဲဒီဥပဒေကို အခြေတည်ပြီး ရေးဆွဲတဲ့ နည်းဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့လည်း မဆန့်ကျင်ရလို့ ဆိုထားတယ်။ နောက်ပြီး ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့လည်း မဆန့်ကျင်ရလို့ ဆိုထားပြန်တယ်။ အဲဒီတော့ မဆန့်ကျင်ရဘူးလို့ ပြောထားပြီ ဆိုကတည်း သူမှာ မပါတဲ့ အချက်တွေကို နည်းဥပဒေမှာ ရေးဆွဲလို့ လုံးဝမရဘူး။ ပါနေတဲ့ အချက်တွေကိုလည်း ချန်ထားခဲ့လို့ မရဘူး။ အဲဒီ အတွက်ကြောင့် အမျိုးသား ပညာရေးဥပဒေမှာ မပါဝင်တဲ့ ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းတွေ ဖွဲ့ပါဆိုတဲ့ အချက် မပါဝင်တဲ့အတွက် နည်းဥပဒေမှာ လုံးဝ ထည့်လို့ ရမှာ မဟုတ်ပါဘူး။

တကယ်လို့ Mother Law မှာ ကျောင်းသား အသင်း၊ ဆရာ အသင်း၊ မိဘ အသင်း စတဲ့ အသင်းတွေ ဖွဲ့စည်းနိုင်ပါတယ် ဆိုတဲ့ ပြဌာန်းချက်တခု ထည့်လိုက်ရင်တော့ အခြေခံ ပညာရေးမှာရော၊ အဆင့်မြင့် ပညာရေးမှာပါ သူတို့နဲ့ အဆင့်အတန်း ညီတဲ့ ကျောင်းသားအသင်းတွေ ဖွဲ့စည်းနိုင်သွားပြီ။ အဲဒီကျတော့မှ နည်းဥပဒေမှာ နည်းလမ်းတွေ ထပ်ပြီး ရေးဆွဲရပါမယ်။

  မေး။ ။ လက်ရှိ တောင်းဆိုနေတဲ့ အချက်တွေကို ပြင်ပေးမယ်ဆို ခက်ခဲမယ်လို့ ထင်ပါသလား။

  ဖြေ။ ။ ရနိုင်ပါတယ်။ ဒီဥပဒေကို လေ့လာကြည့်တဲ့ အခါမှာ ချို့ယွင်းချက်တွေ ရှိနေတယ်။ ချို့ယွင်းချက်တွေဟာ အများသဘောမတူတဲ့ အချက်တွေ ဖြစ်နေတယ်ဆိုရင် ဒီမိုကရေစီခေတ်ရဲ့ အခြေခံသဘောတရားဟာ ဘာလဲ စဉ်းစားပါ။ စဉ်းစားပြီးတော့ ပြန်ပြီး ပြင်သင့်ပါတယ်။ ပြင်လိုက်ရင် နောက်ပိုင်း အလုပ်လုပ်လို့ ကောင်းသွားမယ်။ ကျမတို့ရဲ့ ဥပဒေအရတော့ ဒါဟာ ပြင်ဆင်ဖို့ ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

  မေး။ ။ အခု ဥပဒေမှာ ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ကော်မရှင်နဲ့ တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီလို အဖွဲ့အစည်းတွေ ပါဝင်နေတဲ့ အပေါ် ဆရာမ ဘယ်လို အမြင်ရှိပါသလဲ။

  ဖြေ။ ။ ကျမတို့ဟာ များသောအားဖြင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီး ပြောကြတယ်။ တခြားနိုင်ငံရဲ့ အထောက်အထားကို ယူတယ်။ ဘာဖြစ်လို့လဲ ဆိုရင် တခြားနိုင်ငံမှာ ပညာရေးအဆင့်အတန်းဟာ မြင့်နေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့။ သူတို့ကျင့်သုံးနေတဲ့ အပေါ်မှာ ငါတို့လိုက်ပြီးတော့ အခြေခံ လေ့လာမယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် သူများနိုင်ငံမှာက ဒီအဆင့်ထိ ရောက်အောင် သွားနေတာက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူတို့က အခြေခိုင်နေပြီ။ အဲဒါလေးတခုကိုတော့ ထည့်စဉ်းစားသင့်တယ်။ မြန်မာနိုင်ငံက အဲဒါကို လှမ်းတက်ဖို့က အခြေကို မခိုင်သေးဘူး။ ကိုယ့်အခြေကို ကိုယ်ခိုင်အောင် လုပ်ရဦးမယ်။

နိုင်ငံတကာမှာ အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့ထားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့ရမယ်ဆိုတဲ့ သဘောမျိုးကတော့ ကျမ တဦးရဲ့ သဘောအရ လက်မခံဘူးလို့ ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် အခု ကျမတို့ဟာ ပညာရေး ၀န်ကြီးဌာနဆိုတဲ့ လက်အောက်မှာ သွားနေကြတာပဲ။ ကျမပြောချင်တာက ဒီကော်မရှင်ကို မလိုဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်။ ဒါပေမယ့် အခု ပြဌာန်းထားတဲ့ အနေအထားကတော့ Outside down ဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ပိုင်းထွက်လာတဲ့ သတင်းတွေအရ ကြည့်တဲ့အခါမှာ ပိုပြီးတော့ ပေါ်လွင်နေတယ်။

အဲဒီကော်မရှင်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တဦး ဆိုပြီး ပါတယ်။ သူက ဥက္ကဋ္ဌ လုပ်ရမယ်။ အဲဒါက ပညာရေး နယ်ပယ်အသိုင်းအ၀ိုင်းက ဟုတ်လား၊ မဟုတ်လား ဆိုတာလည်း ကျမတို့မသိဘူး။ ဒါပေမယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ဆိုတဲ့သူတွေဟာ သူ့အလုပ်သူ လုပ်နေတဲ့အတွက်ကြောင့် ဒီကော်မရှင်မှာ ဥက္ကဋ္ဌနေရာအနေနဲ့ လာမထိုင်နိုင်ဘူး။ အခု ကော်မရှင်ဟာ အမြဲတည်ရှိနေတဲ့ ရုံးလား။ ဒါမှမဟုတ် ပေါ်လစီချတဲ့ အချိန်နီးမှသာ လူစုပြီး အစည်းအဝေး လုပ်ကြမယ်ဆိုတဲ့ ရုံးမျိုးလား ဆိုတာကို ပြဌာန်းပေးသင့်တယ်။ ၀န်ကြီးတွေဆိုတာ ဒီကဏ္ဍတခုထဲကို လုပ်နေတာ မဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်နေတာ ဖြစ်တဲ့အတွက် ဒီလို ပြဌာန်းချက်မျိုးကို ရှင်းရှင်းလင်းလင်း ပြဌာန်းပေးသင့်တယ်။

ဘာဖြစ်လို့လဲဆိုရင် ဒီအမျိုးသား ပညာရေး ဥပဒေဟာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အတွက်ကြောင့် ကော်မရှင် လိုအပ်တယ်ဆိုရင် ကော်မရှင်အတွက် အခု ဥပဒေမှာ ပြဌာန်းထားတဲ့ စာသားတွေကို ပြင်ကိုပြင်ရမယ်။ အဖွဲ့အစည်းတခု ဖွဲ့စည်းလိုက်မယ်ဆိုရင် အမြဲတည်နေတဲ့ အဖွဲ့အစည်းတခုလား၊ ကာလသက်တမ်း သတ်မှတ်ပြီးတော့မှ အခါအားလျော်စွာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းလားဆိုတာ အရေးကြီး ပြဌာန်းပေးရမယ်။

  မေး။ ။ ပညာရေး လွတ်လပ်ခွင့်လို့ ပြောပြီဆိုရင် ဒီမိုကရေစီနဲ့ ဘောင်ဝင်တဲ့ ပညာရေး လွတ်လပ်ခွင့်က ဘယ်လိုပုံစံမျိုးလို့ ဆရာမ ထင်ပါသလဲ။

  ဖြေ။ ။ အခု တက္ကသိုလ်တိုင်းကို ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့် ပေးတော့မယ်လို့ ဥပဒေက ပြောပြီဆို တက္ကသိုလ်တိုင်းမှာ အပြိုင်အဆိုင် ရှိလာရတော့မယ်။ ကိုယ့်တက္ကသိုလ်က ကိုယ့်သင်ရိုးညွှန်းတမ်းတွေကို ကျောင်းရဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ အကူအညီနဲ့ ရေးဆွဲရတော့မယ်။ နောက်ပြီး သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီတဲ့ သင်ကြားမှုတွေကို ကျောင်းသားတွေ လိုက်နိုင်မလားဆိုတဲ့ စမ်းစစ်လေ့လာမှုတွေလည်း ကျောင်းသားတွေ ကြားထဲမှာ လုပ်ရပြီ။ ဒါမျိုးတွေကနေ တက္ကသိုလ်တွေရဲ့ သင်ကြားမှုတွေက ဘယ်တက္ကသိုလ်က ဘယ်လို ဆိုတာမျိုးတွေ ပြိုင်ဆိုင်လာကြတော့မယ်။ နောက်ပိုင်း တက္ကသိုလ်တွေ အချင်းချင်း သင်ကြားမှုတွေ၊ ကျောင်းသားတက်ရောက်မှု အခြေအနေတွေ အပြိုင်အဆိုင် ဖြစ်လာပြီဆို ဒါဟာ ပညာရေး လွတ်လပ်ခွင့်ကို ရပြီလို့ မှတ်ယူလို့ ရပါတယ်။ အပြိုင်အဆိုင် မရှိဘဲနဲ့ ဒီတက္ကသိုလ်ကလည်း ဒါပဲသင်တယ်။ ဟိုတက္ကသိုလ်က လည်း ဒါပဲ သင်တယ်ဆိုရင်တော့ ဘာမှ မပြောင်းလဲသေးဘူးလို့ပဲ မှတ်ယူရပါမယ်။